သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Eleven Media အမှု သတင်းကောင်စီနဲ့ ညှိနှိုင်းဖို့ သမ္မတညွှန်ကြား


Eleven media က သတင်းသမားတွေကို တရားစွဲထားတဲ့အမှုနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးက အစိုးရအနေနဲ့ သတင်းမီဒီယာကောင်စီနဲ့ အရင်ဆုံး ညှိနှိုင်းဖို့ နိုင်ငံတော် သမ္မတက ညွှန်ကြားလိုက်ပါတယ်။ ဒီကိစ္စကို မီဒီယာ ကောင်စီက ညှိနှိုင်းမယ်ဆိုရင် လက်ရှိ သတင်း သမား ၃ ယောက်ကို ဖွင့်ထားတဲ့အမှုကို ရုပ်သိမ်းမှ ညှိနှိုင်းဆောင်ရွက်နိုင်မယ်လို့ ကောင်စီ တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

Eleven Media Group ကို အကြည်ညို ပျက်စေမှုနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားစွဲဆိုထား တဲ့ကိစ္စကို အရင်ဆုံး မီဒီယာကောင်စီနဲ့ ညှိနှိုင်း ဖြေရှင်းဖို့ နိုင်ငံတော် သမ္မတက တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတော် သမ္မတညွှန်ကြားတာနဲ့ ပတ်သက်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက

"တင်ပြတဲ့အပေါ်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကနေပြီးတော့ ကျွန်တော်တို့ နိုင်ငံတော်သမ္မတဆီကို လမ်းညွှန်မှုခံတယ်။ နိုင်ငံတော် သမ္မတရဲ့ လမ်းညွှန်မှုကို တိုင်းဒေသကြီးအစိုးရကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ကနေပြီးတော့ ပြန်ပြီးတော့ လမ်းညွှန်တာ အသေးစိတ်ကတော့ တိုင်းဒေသကြီး အစိုးရသာ မေးလိုက်ပါ။ အဓိက က တရားစွဲတာနဲ့ ပတ်သက်လို့ ဘယ်လို ဘယ်လို လုပ်ရမလည်းဆိုတဲ့ဟာကို လမ်းညွှန်မှု ထုတ်ထားတာပါ။"

ညွှန်ကြားစာမှာတော့ သတင်းမီဒီယာကောင်စီကို ပထဆုံးတိုင်ကြားပြီး ညှိနှိုင်းဖြေရှင်းဖို့နဲ့ ညှိနှိုင်းတာ ပြေလည်မှု မရှိမှ တရားရုံးမှာ ဥပဒေနဲ့ အညီတရားစွဲဖို့ဆိုပြီး ပါရှိပါတယ်။

Eleven Media Group က ရေးသားတဲ့ ဆောင်းပါးဟာ သတင်းမီဒီယာသမားရဲ့ တာဝန်နဲ့ ကျင့်ဝတ်စည်းကမ်း ကို ချိုးဖောက်တယ်ဆိုပြီး အရေးယူဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို ဒီကနေ့ မနက်ပိုင်းမှာ လာရောက် တိုင်ကြားခဲ့ပါတယ်။ သမ္မတရဲ့ ညွန်ကြားချက်ထွက်လာအပြီး လာရောက်တိုင် ကြားတာဖြစ်ပါတယ်။

သတင်းမီဒီယာကောင်စီ ကောင်စီအဖွဲ့ဝင် ကိုဇေယျာလှိုင်က အခုလိုပြောပါတယ်။

"မနက်ကတော့ လာတိုင်သွားတယ်။ ဒါပေမယ့် သူတိုင်ကြားတဲ့ပုံစံက အပြည့်အစုံမဖြစ်သေးဘူးပေါ့နော်။ တိုင်ကြားလို့ရှိရင် တိုင်ကြားတဲ့သူက သူဘယ်လိုမျိုး ဖြေရှင်းချက်ကိုလိုချင်လည်းဆိုတာကို ထည့်သွင်း ဖော်ပြ ရတာပေါ့လေ။ အခုဟာ ဖော်ပြတာမပါတဲ့ဟာကျတော့ ကောင်စီက ကောင်စီကို ဘာလုပ်ပေးစေချင်တာလည်း ပေါ့နော် ဆိုတော့ အဲ့ဒါမပါဘူးဖြစ်နေတဲ့အခါကျတော့ ပြန်ဖြည့်ခိုင်းထားတာ ရှိတယ်။ အဲ့ဖောင်တွေစုံသွားတယ် ဆိုရင်တော့ ကျွန်တော်တို့ နောက်တခုရှိတာက ဒီအမှုကလည်း တရားရုံးတော်မှာ ရောက်နေတဲ့အခါကျတော့ ရုံးတော်က တင်ထားတဲ့အမှုကို ရုပ်သိမ်းပေးရင်တော့ ကိုင်တွယ်လို့ရပြီ ရလိမ့်မယ်ပေါ့လေ။ ဘာလို့လည်းဆို တော့ ရုံးတော်ရောက်တဲ့ ကိစ္စတွေကို ကောင်စီက ဝင်ကိုင်တွယ်လို့မရဘူးဗျ။ အဲ့ဒါကြောင့်ပါ။ သူတို့က အရင်ဆုံး ပုံစံကျအောင်တိုင်ရပြီးလို့ရှိရင် ခုနက တရားရုံးမှာရှိနေတဲ့အမှုကို Withdraw လုပ်ရမယ်။ အဲ့ဒါမှ ကောင်စီက ကြားဝင်လို့ရမှာ မဟုတ်လို့ရှိရင် ကောင်စီက ကို့ရိုးကားယားဖြစ်မယ်။"

Eleven Media Group က ရေးသားတဲ့ ဆောင်းပါးနဲ့ပတ်သက်လို့ သတင်းသမား ၃ ယောက်ဟာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရကို အကြည်ညိုပျက်အောင် ရေးသားတယ်ဆိုပြီး အောက်တိုဘာ ၁၀ ရက်နေ့မှာ ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဖို့ တရားရုံးကို ဦးတိုက်လျောက်ထားခဲ့တာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ကလည်း Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်ကို ဆက်သွယ်ရေး ဥပဒေနဲ့ အမှုဖွင့်ခဲ့ပါသေးတယ်။ သတင်းမီဒီယာသမားတွေကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရက အမှုဖွင့်တဲ့အပေါ် ကောင်စီဝင် ကိုဇေယျာလှိုင်က အခုလို ဆက်ပြောပါတယ်။

"အဲ့ဒါအရင်တခေါက်လည်းဖြစ်ခဲ့ဖူးသေးတယ်။ ဒီ Eleven Media ပဲ ဒေါက်တာ သန်းထွဋ်အောင်နဲ့ အဲ့တုန်းက အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ပေါ့လေ။ နာရီကိစ္စနဲ့ပတ်သက်ပြီးဖြစ်တယ်။ အဲ့ကိစ္စမှာလည်း ကျွန်တာ်တို့ မီဒီယာ ကောင်စီက ကြားဝင်ညှိနှိုင်းပေးဖို့ ကြိုးစားတယ်။ အဲ့တုန်းကလည်း သူတခါတည်း အမှုဖွင့်တယ် ဖမ်းတယ်ဆီး တယ်ပေါ့လေ။ လုပ်တဲ့အခါကျတော့ ကောင်စီက ဝင်လို့မရဖြစ်သွားတယ်။ အဲ့နောက်ပိုင်းတော့ သူတို့ ပထမ ပိုင်းက ဥပဒေရှိတာ မသိလို့ပါ ကောင်စီရှိတာ မသိလို့ပါဆိုပြီးပြောတော့ နောက်ပိုင်းသိသွားတယ်ပေါ့လေ။ ဆိုတော့ သိပြီးသွားပြီလို့ ယူဆရတယ်ပေါ့လေ။ ၂၀၁၆ ကတည်းကပေါ့လေ။ ဆိုတော့ ဒီ Case ကျတော့ ကောင်စီရှိတာလည်း သိတယ်။ ဥပဒေရှိတာလည်းသိတယ်။ သိသိနဲ့အခုလိုမျိုး ဒီချက်ချင်းဖမ်းနိုင်ဆီးနိုင်တဲ့ ရာဇဝတ်မှုတွေနဲ့ တရားစွဲတယ်ဆိုတာက ရန်ကုန်တိုင်းဒေသကြီး အစိုးရက သတင်းစာ ဆရာတွေကို ချက်ချင်း ဖမ်းချုပ်ချင်တဲ့ စေတနာပေါ်လွင် သွားတာပေါ့နော်။ အခုကျတော့မှ သမ္မတရုံးကနေပြီးတော့မှ ဒီလို Step by Step သွားပါ ညွှန်ကြားချက်ကြောင့်သာလျှင် မီဒီယာကောင်စီကိုလာတာ။ သူရဲ့စိတ်ရင်းစေတနာအရ ခုနက ပြောသလို မီဒီယာ ကောင်စီကို အရင်လာတာတော့မဟုတ်ဘူး။ ကျွန်တော့်ရဲ့ Personal အဖြေပါ။"

သတင်းသမား ၃ ယောက်ကို တရားစွဲထားတာနဲ့ပတ်သက်လို့ သတင်း သမားတွေဘက်က အာမခံလျှောက်ထားပြီး လာမယ့် ၂၆ ရက်နေ့ ရုံးချိန်းမှာ အာမခံပေးမပေး တရားရုံးက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ မီဒီယာကောင်စီကတော့ ကြားဝင်ညှိနှိုင်းဆောင်ရွက်ဖို့ဆိုရင် လက်ရှိတရားစွဲဆိုထားတဲ့ အမှုကို ပြန်လည် ရုပ်သိမ်းပေးရမယ်ဆိုပြီး တောင်းဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG