အမေရိကန်သမ္မတ Doanld Trump က သံမဏိနဲ့ အလူမီနီယံ သွင်းကုန်တွေအပေါ် အခွန်တိုးစည်းကြပ်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက် EU ဥရောပသမဂ္ဂနဲ့ ဂျပန် ကုန်သွယ်ရေးထိပ်တန်းခေါင်းဆောင်တွေ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
မရိကန်ရဲ့ ကုန်သွယ်ရေးအခွန်စနစ်သစ်ကြောင့် ကုန်သွယ်ရေးစစ်ပွဲတွေ ဖြစ်လာမလားဆိုပြီး စိုးရိမ်နေကြချိန်မှာပဲ EU ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး Cecilia Malmstroem နဲ့ ဂျပန် ကုန်သွယ်ရေး၊ စီးပွါးရေးနဲ့၊ စက်မှုလုပ်ငန်းများဆိုင်ရာဝန်ကြီး Hiroshige Seko တို့ ဒီနေ့ တွေ့ဆုံနေကြတာပါ။
ဒီကနေ့နှောင်းပိုင်းမှာတော့ အဲဒီအစည်းအဝေးကို အမေရိကန်ကိုယ်စားလှယ် Robert Lighthizer လည်း တက်ရောက်မယ်လို့ ဆိုပါတယ်။ အမေရိကန်အနေနဲ့ သွင်းကုန် အခွန်တိုးစည်းကြပ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း ကနေဒါနဲ့ မက္ကစီကိုနိုင်ငံတွေကို ချွင်းချက်အနေနဲ့ ကင်းလွတ်ခွင့်ပေးထားသလို အဖွဲ့ဝင် ၂၈ နိုင်ငံ ပါဝင်တဲ့ ဥရောပသမဂ္ဂအနေနဲ့လည်း အဲဒီလိုအခွင့်အရေးမျိုး ရမလားဆိုတာကို EU ဘက်က ရှင်းရှင်းလင်းလင်း သိချင်နေတာပါ။ တကယ်လို့သာ အဲဒီအခွင့်အရေးမျိုးမရဘူးဆိုရင်တော့ အမေရိကန်ရဲ့သွင်းကုန်အပေါ်လည်း လက်တုန့်ပြန်အခွန်တိုးကောက်ဖို့ အမေရိကန်ကနေ EU ကိုတင်ပို့နေတဲ့၊ လိမ္မော်ရည်၊ ဝီစကီ၊ အသီးအနှံ စတာတွေပါဝင်တဲ့ စာရင်းကို အဆင်သင့် ပြုစုထားပြီဖြစ်ကြောင်းလည်း ဆိုပါတယ်။
အမေရိကန်ရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ အခုလို အခွန်တိုးစည်းကြပ်ကောက်ခံဖို့ ဆောင်ရွက်ချက်ကြောင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်လာနိုင်သလို အဓိကပစ်မှတ်ဖြစ်တဲ့ တရုတ်နိုင်ငံထက် အမေရိကန်ရဲ့ မဟာမိတ်တွေအပေါ်သာ ပိုအထိနာစေလိမ့်မယ်ဆိုပြီး ထောက်ပြကြပါတယ်။
တချိန်တည်းမှာပဲ ဥရောပကော်မရှင်ရဲ့ ဒုတိယဥက္ကဌ Jyrki Katainen ကလည်း တကယ်လို့ EU သွင်းကုန်အပေါ် အခွန်တိုးကောက်မယ်ဆိုရင် WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့စီ တိုင်ကြားသွားမယ်လို့ သောကြာနေ့က ပြောပါတယ်။ EU နိုင်ငံတွေနဲ့ ကုမ္ပဏီတွေဟာ ကုန်သွယ်ရေးမညီမမျှဖြစ်စေတဲ့ အရင်းခံအကြောင်းရင်းမဟုတ်တာကြောင့် အခွန်တိုးစည်းကြပ်မယ့် နိုင်ငံတွေစာရင်းကနေ ချွင်းချက်အနေနဲ့ ထားပေးသင့်ကြောင့်လည်း သူက ထောက်ပြပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ကြာသပတေးနေ့ကနေစရင် ၁၅ ရက်အကြာမှာ အမေရိကန်ကို တင်ပို့နေတဲ့ သွင်းကုန်တွေအပေါ် အခွန်တိုးကောက်ခံမယ့် အစီအစဉ် စတင်သက်ဝင်မှာပါ။
Your browser doesn’t support HTML5