နယ်စပ်အခြေစိုက် အရပ်ဖက် လူ့အဖွဲ့အစည်း ၄၀ မှာ လုပ်ကိုင်နေသူတွေက သူတို့ကို မြန်မာနိုင်ငံသားအဖြစ် ပြန်လည် အသိအမှတ်ပြုပြီး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပါဝင်ဆောင်ရွက်ခွင့်ပြုဖို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဆီကို မနေ့ ဂျူလိုင်လ ၂၅ ရက်နေ့က အိတ်ဖွင့်စာ ပေးပို့ခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။
၁၉၈၈ အရေးအခင်း နောက်ပိုင်းကာလတွေ ကတည်းက နယ်စပ်ဒေသမှာအခြေစိုက်ပြီး ဒီမိုကရေစီအရေး၊ တိုင်းရင်းသား လူငယ် အမျိုးသမီးတွေအရေးနဲ့ လူ့အခွင့်အရေး လုပ်ကိုင်ခဲ့ကြတဲ့ အရပ်ဖက် လူအဖွဲ့အစည်း ၄၀ က အဖွဲ့ဝင်တွေဟာ သူတို့ကို မြန်မာနိုင်ငံသားတွေအဖြစ် ပြန်လည် အသိအမှတ်ပြုပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်စာ ပေးပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှာ နယ်စပ်အခြေစိုက် အရပ်ဖက် လူ့အဖွဲ့အစည်းတွေအနေနဲ့ မြန်မာပြည်တွင်းမှာ တရားဝင် လုပ်ကိုင်ခွင့် မရခဲ့ပေမယ်လို့ NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာပါဝင်ဆောင်ရွက်ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်လို့ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းက အမှုဆောင်ဒါရိုက်တာ နိုင်ကဆော့မွန်က ပြောပါတယ်။
“ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်ထဲမှာ နယ်စပ်မှာရှိတဲ့အဖွဲ့အစည်းများကို တရားဝင်ကြည့်ပေးဖို့နဲ့ အသိအမှတ်ပြုပေးဖို့နဲ့ ကျနော်တို့ ဒီ Federal Union ဖြစ်ဖြစ်ပေါ့ သူတို့ National ကိစ္စတွေမှာလည်း ကျနော်တို့ ပါဝင်နိုင်ဖို့ပေါ့နော်။ အဲဒါကျနော်တို့ဘက်က စာရေးတာဖြစ်ပါတယ်။”
နယ်စပ်အခြေစိုက် အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ အခုလိုမျိုး တောင်းဆိုတာဟာ ပထမဆုံး အကြိမ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာဒီမိုကရေစီ ရေချိန်လည်း တစ်ဖြည်းဖြည်း မြင့်တတ်လာတာကြောင့် အတူလက်တွဲ လုပ်ဆောင်ဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ နိုင်ကဆော့မွန်က ပြောပါတယ်။
“အရင်ကတော့မှရှိပါဘူး။ ကျနော်တို့ တီးခေါက်ပြီးတော့မှ ပြည်တွင်း လုပ်ငန်းတချို့ကို ဘယ်လိုလုပ်လို့ရမလဲ အဲဒါတွေရှိတာပေါ့နော်။ ဒါပေမယ့် လွတ်လွတ်လပ်လပ် ဒီအစိုးရဘက်က အားတက်သရော အသိအမှတ်ပြုတာတွေ မရှိခဲ့ဘူးလေ။ နားလည်မှုနဲ့ပဲ တချို့က ဒီလုပ်ငန်းတွေကို ပြန်ပြီး လုပ်ကြတာရှိတာပေါ့နော်။ ဒါပေမယ့် နယ်စပ်မှာ နှစ်ပေါင်း ၂၀ -၂၅ နှစ် အလုပ်လုပ်လာတဲ့ အမျိုးသမီးအဖွဲ့တွေရှိတယ်၊ လူ့အခွင့်အရေးအဖွဲ့တွေရှိတယ်၊ အခြားသောအဖွဲ့တွေကို အရင်အစိုးရက သူတို့ရဲ့အတိုက်အခံ တွေဆိုပြီးတော့မှ လက်ခံဖို့ ခဲယဉ်းတာပေါ့နော်။ အဲဒီတော့ အခုအစိုးရလက်ထက်မှာက ဒီမိုကရေစီ ပွင့်လင်းမှုလည်း နည်းနည်းရှိလာပြီလေ။ ဆိုတော့ ဒီလိုမျိုးအဖွဲ့အစည်းတွေကို သိက္ခာရှိရှိနဲ့ တရားဝင်လက်ခံသွားဖို့ပေါ့နော် အဲဒါကျနော်တို့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံအကြောင်းကြားတာပါ။”
တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူတို့ရဲ့ တောင်းဆိုမှုကို လက်ခံခဲ့မယ်ဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ညိုနိုင်းဆွေးနွေးပြီး မြန်မာပြည်တွင်း တရားဝင် လုပ်ဆောင်နိုင်အောင် ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အစိုးရသစ်အနေနဲ့ အခုထိ အမည်မည်းစာရင်းမှာ ပါနေသေးတဲ့ သူစာရင်းကို ပြန်လည် ထုတ်ပေးဖို့နဲ့ မူလနိုင်ငံသား အခွင့်အရေးတွေ ပြန်လည် ရရှိဖို့လည်း တောင်းဆိုမှုတွေ ရှိပါတယ်။ သမ္မတရုံးဝန်ကြီး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးကတော့ ပြစ်မှုတစ်စုံတရာ မရှိဘူးဆိုရင် သက်ဆိုင်ရာ သံရုံးတွေမှာ နိုင်ငံသားတွေအဖြစ် ပြန်လည် လျှောက်ထားခွင့်ရှိတယ်လို့ ဆိုပါတယ်။
“မူလနိုင်ငံသားပြန်ဖြစ်ဖို့က ကျနော်တို့နိုင်ငံရဲ့ လဝက ဥပဒေရှိတယ် ကျနော်တို့က Dual citizen မရဘူး။ မရတဲ့အခါမှာ အရင် ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက လုပ်ခဲ့တဲ့ အမြဲတမ်းနေထိုင်ခွင့်ပေါ့နော် အဲဒါမျိုးစဉ်းစားပြီးလုပ်တယ်။ အဲဒါကလည်း အဓိကတော့ အတက်ပညာရှင်၊ အသိပညာရှင်၊ စီးပွားရေးသမားတွေ ဒီမြန်မာနိုင်ငံပြန်လာပြီး လုပ်ကိုင်ရလွယ်ကူအောင်လို့ ပြန်ပြီးလျှောက်ထားပြီးတော့ လုပ်လို့ရတယ်။ မူလက မြန်မာနိုင်ငံသားဖြစ်ခဲ့တယ် အခြေအနေ အကြောင်းကြောင်းကြောင့် ကျနော်တို့ မြန်မာနိုင်ငံပြင်ပ ကို ရောက်ရှိသွားပြီးတော့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ နိုင်ငံသားဖြစ်သွားတဲ့လူတွေက နိုင်ငံသားအဖြစ်ပြန်ပြီးတော့ လျှောက်ထားလို့ရတယ်။ ဒါကလည်းကျနော်တို့ သက်ဆိုင်ရာနိုင်ငံတွေ မှာရှိတဲ့ မြန်မာသံရုံးကိုဆက်သွယ်၊ နောက် ဒီမှာရှိတဲ့ လဝက ပေါ့နော် သူတို့ လုပ်ထုံးလုပ်နည်းနဲအညီဆောင်ရွက်ပေးလို့ရပါတယ်။ နိုင်ငံသားအဖြစ်ရှိနေတဲ့လူကတော့ တခြားရာဇဝတ်မှုကင်းပေါ့နော် ၊ တခြားပြစ်မှုဆိုင်ရာ ရာဇဝတ်မှုကင်းစသည်ဖြင့် ပြစ်မှုတွေမရှိဘူးဆိုရင် သူတို့ပြန်လာလို့ရတယ်။”
ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေး အပြောင်း အလဲတွေဖြစ်ခဲ့တဲ့နောက် နယ်စပ် နဲ့ပြည်ပရောက် လှုပ်ရှားတတ်ကြွသူ အတော်များများ မြန်မာနိုင်ငံကို ပြန်လည်အခြေချပြီး နိုင်ငံသားပြန်လျှောက်ခဲ့ရာမှာ နှောင့်နှေးမှုတွေ ကြုံခဲ့ရပါတယ်။ ဒါ့အပြင် အခုချိန်အထိ မြန်မာနိုင်ငံထဲ ပြန်ဝင်ဖို့ ဗီဇာပိတ်ပင်ခံရတာတွေ ကန့်သတ်ခံရမှုတွေလည်း ကြုံနေရဆဲပါ။ နယ်စပ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းဝင်အများစုကတော့ အခြားနိုင်ငံသားအဖြစ် ခံယူမှုမရှိသလို၊ အချို့ဆိုရင် အိမ်နီးချင်းတိုင်းပြည်တွေမှာ တရားဝင်နေထိုင်ခွင့်အထောက်အထားပါ မရှိပဲ နေကြရသူတွေဖြစ်ပါတယ်။
Your browser doesn’t support HTML5