မြန်မာအရပ်ဖက်အဖွဲ့များ facebook တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး

Facebook လူမှုကွန်ရက်စာမျက်နှာကို သုံးပြီး အမုန်းတရားဖြန့်ချီနေတာတွေအပါအဝင် လူ့အခွင့်အရေးအပေါ် သက်ရောက်မှုတွေနဲ့ facebook သုံးစွဲသူ မြန်မာတွေရဲ့ အချက်အလက်လုံခြုံရေးတွေကို စနစ်တကျဆောင်ရွက်နိုင်ဖို့အတွက် မြန်မာဘာသာ စကားနဲ့ မြန်မာနိုင်ငံအခြေအနေကို တကယ်နားလည် သဘောပေါက်သူတွေနဲ့ စောင့်ကြည့်စီစစ်ဖို့ မြန်မာအရပ်ဖက် အဖွဲ့ အစည်းတွေက ဖေ့ဘုတ်တာဝန်ရှိသူတွေကို တောင်းဆိုပါတယ်။ မြန်မာပြည်တွင်းက အရပ်ဖက်အဖွဲ့အစည်းပေါင်း(၃၅)ဖွဲ့နဲ့ Facebook တာဝန်ရှိသူတွေ ရန်ကုန်မှာ တွေ့ဆုံစဉ် အခုလိုဆွေးနွေးခဲ့ကြတာပါ။ အပြည့်အစုံကို မဆုမွန် တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း Facebook လူမှုကွန်ရက်စာမျက်နှာကို အသုံးပြုသူတွေ ပိုများလာတာနဲ့အမျှ Facebook သုံးစွဲသူ ဘာသာမတူ လူမျိုးကွဲတွေကြား အမုန်းတရားဖြန့်ဝေတာတွေ လူမျိုးရေး ဘာသာရွေး အဓိကရုဏ်းဖြစ်စေနိုင်တဲ့ သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိဖြန့်ဝေမှုတွေနဲ့ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းတွေဘက်က စနစ်တကျစောင့်ကြည့်ပြီး ပိတ်ပင်တားဆီးပေးဖို့ Facebook တာဝန်ရှိသူတွေကို သတင်းပေးပို့တိုင်ကြားခဲ့တာတွေရှိခဲ့ပါတယ်။ အမုန်းတရားဖြန့်ဝေမှုတွေကို Facebook ဘက်က စနစ်တကျစောင့်ကြည့်ပိတ်ပင် တားဆီးပေးဖို့ အပါအဝင် သတင်းအချက်လက်လုံခြုံရေး အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီးလည်း Facebook ရဲ့တာဝန်ရှိအမှုဆောင်အရာရှိချုပ် Mark Zuckerberg အထိ အိတ်ဖွင့်ပေးစာပေးပို့ပြီး တောင်းဆိုခဲ့ကြသလို Mark ဘက်ကလည်း အရပ်ဖက်အဖွဲ့အစည်းတွေကို ပြန်တုံ့ပြန်ဖြေရှင်းခဲ့ပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ Facebook ဘက်က စနစ်တကျ စံနှုန်းနဲ့အညီ ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းပေးဖို့ တစိုက်မတ်မတ်တောင်းဆို ဆောင်ရွက်မှုတွေကြောင့် Facebook အဖွဲ့တာဝန်ရှိသူတွေက မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဇွန်လ (၈)ရက်နေ့က သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သူတို့ရဲ့ရှေ့ဆက်လုပ်ဆောင်မယ့်အစီအစဉ်တွေကို ရှင်းပြခဲ့သလို မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေဘက်ကလည်း Facebook ဘက်က အရေးတကြီးဆောင်ရွက်သင့်တာတွေကို အကြံပြုခဲ့တယ်လို့ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးခဲ့သူတဦးဖြစ်တဲ့ အရပ်ဖက်အဖွဲ့အစည်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနရဲ့ ဒေသဆိုင်ရာညှိနှိုင်းဆက်ဆံရေးတာဝန်ခံ မဝေဖြိုးမြင့်က အခုလိုပြောပြပါတယ်။

"ကျမတို့ အဓိက အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါမှာ အဓိက ဒီမှာက လက်ရှိမှာဆိုရင် Facebook သုံးစွဲတဲ့ ဦးရေကလည်း အရမ်းများတယ် Facebook ရဲ့ အဓိက Impact ပေါ့နော်။ လူ့အခွင့်အရေးပေါ်မှာ သက်ရောက်မှုကလည်း အရမ်းများတဲ့အခါကျတော့ အတားအဆီးတွေရှိတယ်ပေါေ့နာ်။ သက်ရောက်နေတဲ့အချက်တွေကို သူတို့ပြန်လေ့လာပြီးတော့ ဘယ်လိုပုံစံမျိုးနဲ့ ပြင်ဆင်လို့ရမလဲဆိုတာ မြန်မာပြည်အတွက် သီးသန့်လုပ်ပါမယ်ဆိုပြီး ကတိကဝတ်ပေးသွားတယ်။ သူက Consultant တယောက်ကိုဌားထားတယ်။ အဲဒီConsultant ကနေပြီးတော့ research ကိုလုပ်သွားမှာဖြစ်တယ်။ နောက်တချက်ကတော့ ကျမတို့ Facebook မှာအကြောင်းအရာတွေပေါ့နော် အကောင့်တွေပိတ်တာတွေ၊ နောက်ပြီးတော့ Post တွေကို ဖြုတ်တာတွေတို့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ သူတို့မှာ Community Standard Guideline ရှိတယ်ပေါ့နော်။ အဲဒီ Community Standard Guideline ကို enforced လုပ်တဲ့နေရာမှာ လိုက်နာအောင် လုပ်တဲ့နေရာမှာ ရှင်းလင်းတိကျဖို့ပေါ့နော် အဲဒါမျိုးကိုတောင်းဆိုခဲ့တာရှိတယ်။ တချို့ သူတို့ System က အားနည်းတဲ့အချက်တွေကိုတော့ သူတို့ပြင်မယ်ဆိုပြီးတော့ ပြောခဲ့တာတွေရှိပါတယ်။ ဒါကတော့ အဓိက ၂ ချက်ပေါ့နော်။"

လူမျိုးရေး ဘာသာရေးဆန်တဲ့လှုံ့ဆော်မှုတွေ၊ အမုန်းတရားဖြန့်ဝေမှုတွေကို ဟန့်တားနိုင်ရေးနဲ့ စောင့်ကြည့်စိစစ်နိုင်ရေး Facebook ဘက်ကနေ သူတို့ဘက်က Community Standards ခိုင်မာတဲ့မူဝါဒချမှတ်ဖို့နဲ့ မြန်မာဘာသာစကားကို သေချာကျွမ်းကျင်နားလည်ပြီး မြန်မာနိုင်ငံရဲ့ အခြေခံသမိုင်းကြောင်း အကြောင်းအရာတွေကို နားလည်သဘောပေါက်တဲ့သူတွေကိုပဲ စောင့်ကြည့်စိစစ်သူတွေအဖြစ် တာဝန်ပေးဖို့ကိုလည်း အရပ်ဖက်အဖွဲ့အစည်းတွေဘက်က တောင်းဆိုခဲ့တယ်လို့ မဝေဖြိုးမြင့်ကပြောပါတယ်။

"ကျမတို့ ဒီ Hate Speech ကိစ္စပေါေ့နာ် အမုန်းတရားနဲ့ ပတ်သက်ပြီးတော့ Facebook ပေါ်မှာ ပြန့်နှံ့တဲ့ကိစ္စပေါ့နော် အဓိက သူတို့ review လုပ်တာမှာ သူတို့အားနည်းချက်တွေ ကိုကျမတို့ ဆွေးနွေးခဲ့ပါတယ်။ ဒီမှာလည်း ကျမတို့ ဆွေးနွေးခဲ့တာတွေရှိပါတယ်။ မြန်မာဘာသာစကားကျွမ်းကျင်တာတင်မဟုတ်ဘူး မြန်မာပြည်အခြေအနေကို နားလည်တဲ့ Reviewer တွေပေါ့နော် အလုံအလောက်ခန့်ပြီးတော့ ဒီ machine စနစ်ကိုအသုံးပြုတယ်ဆိုရင်လည်း machine စနစ်က ထိရောက်တဲ့ စနစ်ဖြစ်ဖို့ ကျမတို့ အရင်ကတည်းကနေ တောင်းဆိုခဲ့တာရှိပါတယ်။ အဲဒါကိုလည်း သူတို့က လုပ်ဆောင်ပါမယ်လို့တော့ပြောတယ်။ ဒီ Facebook မှာ Hate Speech ကိစ္စနဲ့ ပတ်သက်ပြီးတော့ တဦးတယောက်က Report လုပ်ခဲ့တယ်ဆိုရင် မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျဖြစ်နိုင်အောင် အဲဒီ System တခုပေါ့နော် ပိုကောင်းမွန်အောင်လုပ်မယ်ဆိုပြီးတော့ သူတို့ ပြန်ပြောခဲ့ပါတယ်။"

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Facebook ဘက်က ခိုင်မာတဲ့ မူဝါဒတွေ နောက် အလွှာအားလုံးကို လွှမ်းခြုံနိုင်မယ့် လေ့လာမှု သုတေသနနဲ့ ဆက်သွယ်ရေးပိုင်းဆိုင်ရာ စနစ်တကျရှေ့ဆက်ပြီးတော့ ဆောင်ရွက်နိုင်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်ရှိမှာရော အနာဂတ်မှာပါ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း အရပ်ဖက်အဖွဲ့အစည်းတွေဘက်ကပြောဆိုထားပါတယ်။

"ကျမတို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အမြင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ သဘောထားတွေ ပါဝင်ဖို့ပေါ့နော် အဲဒါမျိုးကို ကျမတို့ ထည့်ပြီးတော့ပြောခဲ့တာတွေရှိပါတယ် အတိအကျပေါ့နော် Timeframe ဘယ်နေ့မှာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုတွေ့မယ် ဆိုတဲ့ အတိအကျ Plan တော့မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျမတို့ အရင်ကတည်းကလည်း လုပ်ခဲ့သလိုမျိုးပဲ ကျမတို့ အကြံပြုခဲ့တာတွေရှိတယ်။ သူတို့က လုပ်မယ်ဆိုပြီးတော့ ကတိပြုခဲ့တာတွေရှိတယ်။ ဒီတိုးတက်မှုအပေါ်မှာ ကျမတို့ ဆက်ပြီးတော့ စောင့်ကြည့်သွားမယ် လိုအပ်လာတယ်ဆိုရင် ကျမတို့ Facebook Team ကိုတိုက်ရိုက်ပြန်ပြီးတော့ လိုအပ်တာကိုထောက်ပြပြောဆိုသွားမှာဖြစ်ပါတယ်။"

ဇွန်လ ၅ရက်နေ့ကစပြီး ဇွန်လ ၈ရက်နေ့အထ် မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ Facebook တာဝန်ရှိသူတွေဟာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း သီးသန့်တွေ့ဆုံခဲ့သလို အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးအပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင်း Facebook သုံးစွဲသူတွေကြား သတင်းအချက်လက်ဖြန့်ဝေမှု လုံခြုံရေးပိုင်းဆိုင်ရာကိစ္စတွေကို အဓိကဆွေးနွေးခဲ့ကြပါတယ်။ အစိုးရတာဝန်ရှိသူတွေနဲ့ Facebook အဖွဲ့ တွေ့ဆုံပြီးနောက်ပိုင်း အမုန်းတရားတွေ ဖြန့်ဝေနေတယ်လို့ နာမည်ကြီးသူတချို့ရဲ့ ဖေ့စ်ဘွတ်အကောင့်တချို့ ကို ဖေ့စ်ဘွတ်ခ်က ပိတ်ပင်လိုက်တာနဲ့ပတ်သက်ပြီးလည်း ဝေဖန်မှုတွေရှိသလို အစိုးရဘက်ကလည်း သူတို့ဘက်က ပိတ်သိမ်းခိုင်းတာမဟုတ်ကြောင်း ပြန်လည်သတင်းထုတ်ပြန်ခဲ့ရတာလည်းရှိပါတယ်။ မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကို အသုံးပြုပြီး ရည်ရွယ်ချက်ရှိရှိ အမုန်းတရားတွေဖြန့်ဝေနေတာဟာ သိပ်ကိုကြီးမားတဲ့အန္တရာယ်ဖြစ်လာနေတယ်ဆိုတာကိုလည်း လူ့အခွင့်အရေးစောင့်ကြည့်သူအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂဘက်က သတိပေးပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

မြန်မာအရပ်ဖက်အဖွဲ့များ facebook တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး