ပူတာအိုမြို့မှာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရ

ပူတာအိုမြို့ဆိုင်းဘုတ်

ကချင်ပြည်နယ် အထက်ပိုင်းမှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတာကြောင့် ပူတာအို အပါအဝင် မြို့နယ် ၆မြို့နယ်မှာ ဆန် ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပါတယ်။ ဒေသခံတွေကတော့ ရှိတဲ့ဆန်ကို မျှဝေစားသောက်တာတွေရှိသလို အချိုတွေကတော့ အူလိုင် ခေါ် အပင်တမျိုးကို အမှုန့်ပြုလုပ်ပြီး စားသုံးနေရပါတယ်။ လောလောဆယ်မှာတော့ ပူတာအိုဒေသက ပရဟိတလူငယ်တွေက လိုအပ်တဲ့ ပစ္စည်းတွေကို ပို့ဆောင်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကချင်ပြည်နယ် အထက်ပိုင်းက အဓိက ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ပူတာအို-မြစ်ကြီးနား လမ်းဟာ မတ်လအတွင်းက တိုက်ပွဲတွေကြောင့် လမ်းပိတ်ခဲ့ရသလို ဇွန်လကုန်ပိုင်းမှာတော့ မိုးများပြီး မြေပြိုတာကြောင့် လုံး၀ အဆက်အသွယ်တွေ ပြတ်တောက်နေခဲ့တာပါ။

အခုအခါမှာတော့ ပူတာအိုဒေသက မြို့နယ် ၆မြို့နယ်မှာ ဆန်ပြတ်လပ်နေသလို လောင်စာဆီနဲ့ အခြား လူသုံးကုန်ပစ္စည်းတွေ ပြတ်တောက်နေကြောင်း ဒေသတွင်း လူမှုကူညီရေးဆောင်ရွက်နေသူ တဦးက VOA ကို ပြောပါတယ်။

ပူတာအို ဆိုတာက ပူတာအိုမှာ ပါဝင်တဲ့ မြို့နယ် ၆မြို့နယ်ပေါ့။ ပူတာအို၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ မချမ်းဘော။ ပန်နန်းဒင်စတဲ့ မြို့ ၆မြို့မှာ ပြန့်နှံနေတာပေါ့။ အဲဒီ ၆မြို့ကို ဆက်သွယ်တဲ့လမ်းက ပိတ်ထားတာကြာပြီ။ အဲဒါကြောင့်။ ကျနော်တို့ဒေသကို တခုတည်းသော ဆန်ပို့နေတဲ့ ပို့ဆောင်ရေးလမ်းကြောင်းက အဲဒီမြစ်ကြီးနားနဲ့ ဆက်သွယ်တဲ့ လမ်းပေါ့။ အဲဒါ ပြီးခဲ့တဲ့ မတ်လကတည်းကနေ ပိတ်ထားတာ။ ကြားမှာ ပူတာအိုကို ကားရောက်တယ်။ ကားဝင်တယ်ဆိုပြီးတော့မှ နည်းနည်း ဂယက်ထတာတို့တော့ ရှိတယ်။ အဲဒီအချိန်မှာ ဘယ်သူမှ ပစ္စည်း မသယ်ခင်မှာ ပြန်မြေပြိုသွားတာပေါ့။ ပြန်ပြီး လမ်းပိတ်သွားတာ။ ”

ပြီးခဲ့တဲ့ မတ်လ ဒုတိယပတ်မှာ ဆွမ်ပရာဘွမ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ပူတာအို-မြစ်ကြီးနားလမ်း စတင် ပိတ်ခဲ့တာပါ။ နောက် ဇွန်လကုန်ပိုင်းမှာ မိုးသည်းထန်ခဲ့ပြီး ပူတာအို-မြစ်ကြီးနားလမ်းမှာ အနည်းဆုံး ၃နေရာလောက် မြေပြိုခဲ့တာကြောင့် မော်တော်ယာဉ်တွေ လုံး၀ သွားလာလို့မရဘဲ ဆက်သွယ်ရေး ပြတ်တောက်နေခဲ့တာဖြစ်ပါတယ်။

ပူတာအိုဒေသခံတွေဟာ ဆန်ပြတ်လပ်ပြီး စားနပ်ရိက္ခာခက်ခဲလာတာကြောင့် ဒေသအခေါ် အူလိုင်နဲ့ အခြား တောတွင်းကရတဲ့ အစာတွေကို စားသုံးနေကြရကြောင်း ပြောပါတယ်။

ဒီရှိတဲ့ဟာတွေကို တချို့က ချွေတာစားတယ်။ တချို့ကတော့ မျှဝေစားကြတာပေါ့နော။ ဒီတချို့က လုံးလုံး မရှိတဲ့ သူတွေကတော့ ဆန်ပြုတ်စားတာကြာပြီ။ လုံးလုံးမရှိတဲ့သူတွေကတော့ ၊ လုံးဝကို စားစရာမရှိတဲ့ သူတွေကတော့ တောထွက်ကြတာပေါ့။ တောထဲမှာရှိတဲ့ အူလိုင်တို့၊ ဗင်းနင်းတို့ အဲဒါတွေပဲ စားပြီးနေကြတာပေါ့နော။ အဲဒါတွေပဲ လုပ်စားကြတာပေါ့။ တောင်ပေါ်က လူတွေပေါ့။ ”

အူလိုင်ပင်ဟာ အုန်းပင်၊ ကွမ်းပင်တို့နဲ့ ဆင်တူပြီ ပင်စည်အတွင်းသားကို အမှုန့်ပြုလုပ်ပြီးနောက် ရေစိမ်လို့ ရလာတဲ့ အနှစ်ကို စားသုံးကြတာ ဖြစ်ပါတယ်။

လောလောဆည်မှာတော့ ပူတာအိုဒေသက ပရဟိတလူငယ်တွေစုစည်းပြီး ပူတာအိုကို ဆန်၊ လောင်စာဆီနဲ့ အခြားလိုအပ်တဲ့ ကုန်ပစ္စည်းတွေ တင်ပို့နိုင်ဖို့ ကြိုးစားနေကြပါတယ်။

ပူတာအိုမှာရှိတဲ့ ပရဟိတလူငယ်အဖွဲ့တွေ အားလုံး စုပေါင်းကော်မတီကို ဖွဲ့တယ်။ အားလုံးပေါင်းတယ်။ ပြီးတော့မှ မြစ်ကြီးနားကနေ ပူတာအိုကို ဆန်ပို့ဖို့ အဓိက ဆောင်ရွက်နေတာ အဲဒါပဲ။ ဆန်ရယ်၊ စက်သုံးဆီရယ်။ ဆီရယ် အဲဒီဟာပေါ့။ အဲဒါကို သယ်ဆောင်နိုင်ဖို့ရာအတွက် သက်ဆိုင်ရာတွေကို ခွင့်တောင်းတာတို့ ၊ စာတင်တာတို့ အဲဒါတွေ လုပ်တယ်။ ကျနော်တို့မှာ ဘတ်ဂျက်မရှိဘူး။ အလှုလည်းမရှိဘူးဆိုတော့ လုပ်ငန်းရှင်တချို့ဆီကို သွားတယ်။ နည်းနည်းပါးပါး သူတို့ဆီမှာ ပိုက်ဆံကို ချေးပြီးတော့မှ အဲဒီ ပိုက်ဆံနဲ့ မြစ်ကြီးနားမှာ ဆန်ဝယ်မယ်။ အဲဒါကို ပူတာအိုကို ကားငှားပြီး ပို့မယ်။ အဲဒီမှာ လုံး၀ ဆန်ပြတ်နေတဲ့ ပြည်သူတွေကို ဈေးနှုန်းချိုသာစွာ ဖြန့်ပေးဖို့ ကျနော်တို့ ဆောင်ရွက်နေတာ ဖြစ်တယ်။”

ကချင်သတင်းဌာနတခုဖြစ်တဲ့ The 74 Media မှာတော့ ပူတာအိုမှာ ဆန်၊ ဆေးဝါး၊ စက်သုံးဆီနဲ့ လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်နေပြီး ဆန်တအိတ် ၆သိန်းခန့်အထိ ဈေးပေါက်နေကြောင်း ဖော်ပြပါတယ်။

KHRW ခေါ် ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျက်ကော့က အာဏာပိုင်တွေ ဘာသာရေး လူမှုရေး အဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထိရောက်တဲ့ အကူအညီတွေ ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

အခုအခြေအနေကတော့ ကျနော်တို့ ကချင်ပြည်နယ်မှာ ပူတာအို ဒေသတင်မဟုတ်ဘဲနဲ့ နေရာတိုင်းလိုလို စားသောက်ရေးတွေ အသွားအလာတွေ ခက်ခဲနေတဲ့ အခြေအနေဖြစ်ပါတယ်။ အာဏာပိုင်တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ လူမှုရေးအဖွဲ့အစည်းတွေကို အခုအခြေအနေမှာတော့ တတ်နိုင်သလောက် အကူအညီ ပေးနိုင်ရင်တော့ ပိုကောင်းမယ်လို့ ကျနော်တို့ မြင်ပါတယ်။ ပြီးတော့ နိုင်ငံတကာအနေနဲ့လည်း ပြည်သူလူထုတွေကို လူသားဆံတဲ့အကူအညီ ထိရောက်တဲ့ အကူအညီတွေ ရောက်ရှိဖို့အတွက်ပေ့ါနော်။ လုပ်ဆောင်နိုင်ရင် ပိုကောင်းမယ်လို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်။”

လောလောဆည်မှာ ကချင်ပြည်နယ် တဝှမ်းမှာ ဖုန်းနဲ့ အင်တာနက်လိုင်တွေ ပြတ်တောက်နေပြီး နေရာအချို့မှာသာ ဖုန်းအဆက်အသွယ် ရရှိတာဖြစ်သလို မိုးမောက်၊ ဗန်းမော်နဲ့ ဖားကန့်ဒေသဘက်တွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့နောက် မြစ်ကြီးနား-မန္တလေးနဲ့ ဗန်းမော်- မန္တလေး ကားလမ်းဟာလည်း ဖြတ်သန်းသွားလာတာတွေ ပိတ်ပင်ထားပါတယ်။