မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ရာထူးကအဖယ်ရှားခံခဲ့ရပေမယ့် လန်ဒန်မြန်မာသံအမတ်ကြီးနေအိမ်မှာပဲ ဆက်လက်နေထိုင်နေတဲ့ ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို ရဲက ပိုင်နက်ကျူးလွန်မှုနဲ့ စုံစမ်း စစ်ဆေးနေတယ်လို့ သူ့ရှေ့နေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဦးကျော်စွာမင်းဟာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့နောက် အာဏာသိမ်းစစ်ကောင်စီက သူ့ကို ရာထူးကဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ သူဟာ သံရုံးထဲ ဝင်ခွင့်မရပေမယ့် လန်ဒန်အနောက်မြောက်က သံဆူးကြိုးတွေ CCTV ကင်မရာတွေတပ်ထားတဲ့ သံအမတ်ကြီးနေအိမ်မှာ ဆက်လက်နေထိုင်နေတာ ဖြစ်ပြီး တရားမဝင်အစိုးရက ခန့်ထားတဲ့သံအမတ်သစ် လက်ကို ပြန်မအပ်နိုင်ကြောင်း ငြင်းဆိုနေတာပါ။ မနှစ်ကတော့ ဗြိတိန်အစိုးရက နေအိမ်ကနေ ထွက်ခွါပေးဖို့ သူ့ကိုတိုက်တွန်းခဲ့ပါတယ်။
ဒီသီတင်းပတ်အစောပိုင်းမှာတော့ သူ့ကို သံတမန်ပိုင်နက်ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲမှုအတွက် ရဲကစစ်ဆေးမေးမြန်းခဲ့တယ်လို့ ဦးကျော်စွာမင်းရဲ့ ရှေ့နေ Neil Swift က ပြောပါတယ်။ တကယ်လို့ အပြစ်ရှိကြောင်းခိုင်လုံရင် ထောင်ဒဏ် ၆ လ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ကျခံရနိုင်တာပါ။ တကယ်တော့ သံအမတ်ကြီးနေအိမ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံပိုင်ဖြစ်တဲ့အတွက် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကခန့်အပ်တဲ့ သံအမတ်သစ် ရောက်လာမယ်ဆိုရင်တော့ သူ့အမှုသည်က ဝမ်းမြောက်ဝမ်းသာလွှဲပြောင်းပေးဖို့ရှိကြောင်းလည်း ရှေ့နေက ပြောပါတယ်။
ဦးကျော်စွာမင်းကို လန်ဒန်ရဲက သြဂုတ်လ ၁၅ ရက်နေ့မှာ စစ်ဆေးမေးမြန်းခဲ့ပေမယ့် အခုအချိန်ထိတော့ တရားစွဲဆိုမှု တစုံတရာမရှိသေးကြောင်းနဲ့ တရားစွဲဆိုဖို့ ဗြိတိန်တရားသူကြီးချုပ်ကို ခိုင်လုံတဲ့ သက်သေပြဖို့လိုကြောင်းလည်း ရှေ့နေ Neil Swift က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လန်ဒန်မြန်မာသံရုံးကရော၊ ဗြိတိန်အစိုးရနိုင်ငံခြားရေးရုံးနဲ့ လန်ဒန်ရဲတွေက တစုံတရာ တုံ့ပြန် ပြောဆိုတာမရှိသေးပါဘူး။
Your browser doesn’t support HTML5