ပြင်သစ်သမ္မတ ဂျာမနီခရီးစဉ် စတင် 

ပြင်သစ်သမ္မတ Emmanuel Macron ဘာလင်မြို့မှာရောက်ခိုက် Festival of Democracy (Demokratiefest) ဆွေးနွေးပွဲကို တက်ရောက်စဥ်။ (မေ ၂၆၊ ၂၀၂၄)

ပြင်သစ်သမ္မတ Emmanuel Macron ဟာ ဂျာမနီနိုင်ငံကို နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံးနိုင်ငံတော်ခရီးစဥ်အဖြစ်နဲ့ တနင်္ဂနွေနေ့ကရောက်ရှိလာပါတယ်။

ပြင်သစ်သမ္မတ Macron ရဲ့ ၃ ရက်ကြာ ခရီးစဉ်ဟာ ဥရောပသမဂ္ဂရဲ့ ဦးဆောင်အင်အားကြီးနိုင်ငံတွေကြား ခိုင်မာတဲ့ ဆက်ဆံရေးရှိကြတာကို အစဥ်အလာအတိုင်း အလေးပေးဖော်ပြဖို့ ရည်ရွယ်ရင်းလည်းဖြစ်ပါတယ်။ ဒီခရီးစဉ်ကို မနှစ် ဇူလိုင်လမှာ မူလကစီစဥ်ခဲ့တာပါ။ ဒါပေမဲ့လည်း ပြင်သစ်နိုင်ငံမှာ ရဲတို့ရဲ့လက်ချက်ကြောင့် အသက် ၁၇ နှစ်အရွယ်လူငယ်တဦး သေဆုံးခဲ့ရာကအစပြုပြီး အဓိကရုဏ်းတွေပေါ်ပေါက်ခဲ့တဲ့အတွက် နိုင်ငံတော်ခရီးစဥ်ကို ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

ဥရောပသမဂ္ဂနဲ့ နိုင်ငံခြားရေးမူဝါဒတွေမှာ ပြင်သစ်နဲ့ဂျာမနီတို့က ပူးပေါင်းဆောင်ရွက်ဖို့ကြိုးပမ်းနေချိန်အတွင်း သမ္မတ Macron ဂျာမနီကို မကြာခဏလာရောက်လေ့ရှိသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၀၀ ပြည့်နှစ်က ပြင်သစ်သမ္မတ Jacques Chirac ရဲ့ အလည်အပတ်ခရီးစဥ်နောက်ပိုင်း သမ္မတ Macron က နိုင်ငံတော်ခရီးစဥ်အဖြစ် ခုလို ပထမဆုံးလာရောက်တာလည်းဖြစ်ပါတယ်။

သမ္မတ Macron နဲ့သမ္မတကတော် Brigitte တို့ကို ဂျာမနီသမ္မတ Frank-Walter Steinmeier ကကြိုဆိုခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဂျာမနီနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းခဲ့တဲ့ ၇၅ နှစ်မြောက်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြင်သစ်သမ္မတ ခုလိုလာရောက်တာလည်းဖြစ်ပါတယ်။

တနင်္ဂနွေနေ့ညမှာ သမ္မတ Steinmeier က သမ္မတ Macron ကို နိုင်ငံတော်ညစာနဲ့ တည်ခင်းဧည့်ခံမှာဖြစ်ပြီး နောက်နေ့တွေမှာတော့ နိုင်ငံအရှေ့ပိုင်းက Dresden နဲ့ အနောက်ပိုင်းက Muenster မြို့တွေဆီ သမ္မတနှစ်ဦး သွားရောက်မှာပါ။ အင်္ဂါနေ့နှောင်းပိုင်းမှာတော့ ဂျာမန်ဝန်ကြီးချုပ် Olaf Scholz နဲ့အတူ နှစ်နိုင်ငံက အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ​ ဘာလင်မြို့မှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ပြင်သစ်သမ္မတ ဂျာမဏီခရီးစဉ်စတင်

🌐 🌐