ရုရှားနိုင်ငံသားတွေ အရက်သောက်နှုန်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ထက်ဝက်ကျဆင်းသွားပြီးတော့ အခုဆိုရင် ပြင်သစ်နဲ့ ဂျာမနီလို အနောက်နိုင်ငံတွေက လူတွေ သောက်တဲ့နှုန်းအောက် လျော့သွားပြီဆိုတာ မကြာသေးခင်ကလုပ်တဲ့ စစ်တမ်းတခုမှာ တွေ့ရပါတယ်။
၂၀၀၃ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်း ရုရှားတွေ အရက်သောက်နှုန်းဟာ ၄၃ ရာခိုင်နှုန်း လျော့သွားတယ်ဆိုတာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လေ့လာချက်တခုကနေ တွေ့ရတာပါ။
အရက်ကြောင့်ဖြစ်လာတဲ့ ကျန်းမာရေးနဲ့ စီးပွားရေးဆိုင်ရာ ကြီးမားတဲ့ သက်ရောက်မှုတွေကို လျှော့ချတာမှာ ရုရှားနိုင်ငံဟာ တခြားနိုင်ငံတွေ အတွက် သိပ်ကိုအားကောင်းတဲ့ အောင်မြင်မှု နမူနာပါပဲလို့ WHO အစီရင်ခံစာမှာ ပြောထားပါတယ်။
ဒီတွေ့ရှိချက်အရ ရုရှားနိုင်ငံဟာ ဗော်ဒ်ကာအရက်ကို အကြီးအကျယ် သောက်တဲ့နိုင်ငံ ဖြစ်တယ်ဆိုပြီး ယူဆထားကြတာ မမှန် တော့ဘူးဆိုတာကို သက်သေပြတာပဲလို့ အရက်သောက်တဲ့ ရုရှားတွေကပြောပါတယ်။
ဗော်ဒ်ကာအရက်ကို ရုရှားရဲ့ နိုင်ငံတော်အရက်အဖြစ် ယူဆထားကြတာနဲ့အမျှ ပွဲတိုင်းမှာ အဓိကပါလေ့ရှိပြီး ရုရှားတွေ အရက် သောက်တာနဲ့ အရက်သောက် လျော့သွားအောင် အစိုးရက ကြိုးပမ်းတာတွေဟာ ရုရှားသမိုင်းမှာ ဇာတ်လမ်းဟောင်းတပုဒ် ဖြစ်ပါတယ်။
ဒဏ္ဍာရီအရဆိုရင် Vladimir the Great ဘုရင်ဟာ အရက်သောက်တာကို အားမပေးတဲ့ အစ္စလာမ် ဘာသာအစား ခရစ်ယာန် ဘာသာကို ရွေးချယ်ခဲ့တယ်လို့ဆိုပါတယ်။
Your browser doesn’t support HTML5
ရုရှားတွေ အရက်သောက်နှုန်းကျဆင်း
(Unicode)