သုံးရလွယ်ကူစေသည့် Link များ

အရက်ကို အသင့်အတင့်သောက်သုံးသူတွေအနေနဲ့ ဦးနှောက်ရဲ့ဆောင်ရွက်မှုတွေကို ထိခိုက်နိုင်တယ်လို့ ဗြိတိန်သုတေသီတွေရဲ့ စစ်တမ်းသစ်တခုမှာ တွေ့ရှိခဲ့ပါတယ်။ အသက်ကြီးလာလို့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေထိခိုက်သလိုမျိုး နေ့စဉ်အရက်သောက်သုံးမှုကြောင့် ဦးနှောက်ကိုထိခိုက်နိုင်တယ်လို့ လေ့လာချက်မှာ တွေ့ရှိခဲ့တာပါ။

အနှစ် ၃၀ အတွင်း တပတ်ကို အရက် ၈ ခွက်ကနေ ၁၂ ခွက် သောက်သူတွေရဲ့ ဦးနှောက်တွေကို Oxford တက္ကသိုလ်က ပညာရှင်တွေက လေ့လာခဲ့ပါတယ်။ စစ်တမ်းမှာပါဝင်သူ ၅၅၀ က ၁၉၈၅ ခုနှစ်ကစလို့ ၅ နှစ်တကြိမ် စစ်တမ်းနဲ့ဆိုင်တဲ့ မေးခွန်းတွေကိုလည်း ဖြေကြားခဲ့ကြရတဲ့အပြင် ဦးနှောက်မှာအပြောင်းအလဲတွေဖြစ်တာကိုသိနိုင်ဖို့ MRI scan ဖတ်ပြီးတော့လည်း တိုင်းတာလေ့လာခဲ့ကြတာပါ။ ဒီလေ့လာမှုကနေ တနေ့ကို အရက် ၁ ခွက်ကနေ ၂ ခွက်သောက်သူတွေရဲ့ ဦးနှောက်မှာ မှတ်ဉာဏ်နဲ့ဆိုင်တဲ့အပိုင်း ထိခိုက်တာကို ပညာရှင်တွေ တွေ့ရှိခဲ့ကြပါတယ်။

ဒါပေမဲ့ အသင့်အတင့်သောက်တာအပါအဝင် အရက်သောက်လို့တော့ အပြုအမူနဲ့ ဉာဏ်ရည်ဆုတ်ယုတ်တဲ့ Alzheimer ရောဂါဖြစ်နိုင်တယ်ဆိုတာ အခုအချိန်မှာ မပြောနိုင်သေးဘူးလို့ လေ့လာမှုကို ဦးဆောင်ခဲ့သူ Anya Topiwala ကပြောပါတယ်။ အရက်အလွန်အကျွံသောက်သူတွေသာ ဦးနှောက်ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ အရင်ကသိထားခဲ့ကြပေမဲ့ အရက်အသင့်အတင့် သောက်သူတွေမှာလည်း ဦးနှောက်ကိုထိခိုက်တာကို တွေ့ခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ဝိုင်အရက်ကို သင့်တင့်ရုံသောက်သုံးရင် နှလုံးရောဂါကို ကာကွယ်နိုင်တာအပါအဝင် ကျမ်းမာရေးအကျိုးတွေရှိတယ်လို့ ယူဆထားကြတာပါ။ အမျိုးသမီးဆိုရင် တရက်ကို တခွက် အမျိုးသားဆိုရင် တနေ့ကို ၂ ခွက်သောက်တာက ကျန်းမာရေးအတွက်ကောင်းတယ်လို့ မှတ်ယူထားခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG