ဂရိနိုင်ငံ COVID တားဆီးရေး Lockdown ၃ ပတ် ချမှတ်မည်

(Zawgyi/Unicode)

ဂရိနိုင်ငံမှာ COVID-19 ကူးစက်မှု တိုးလာပြီး နိုင်ငံတွင်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ မနိုင်မနင်း ဖြစ်လာမယ့် အန္တရာယ်ကို ကာကွယ်နိုင်ဖို့ အတွက် သီတင်း ၃ ပတ်ကြာ တနိုင်လုံးအတိုင်းအတာနဲ့ Lockdown ချ ကန့်သတ်မှုတွေကို စနေနေ့မှာ စတင်တော့မှာ ဖြစ်ကြောင်း ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis က ကြေညာပါတယ်။

ဥရောပတလွှားက နိုင်ငံတွေမှာ ကန့်သတ်မှုတွေလုပ်ဖို့အတွက် ဒီရောဂါပိုး ကူးစက်မှု အခြေအနေ ထိန်းမနိုင် သိမ်းမရဖြစ်တဲ့ အထိ စောင့်ဆိုင်းနေကြပေမယ့် သူ့အနေနဲ့တော့ ပြည်သူတွေ အသက်အန္တရာယ် ကျရောက်မှာ မလိုလားတဲ့ အတွက် အမြန်တား ဆီးဖို့ လုပ်ဆောင်တာ ဖြစ်ကြောင်း ကြာသပတေးနေ့ အေသင်က သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါ့အပြင် ဂရိနိုင်ငံမှာ COVID-19 ဒုတိယလှိုင်း ရိုက်ခတ်မှုဒဏ် အပြင်းအထန် မခံစားရဖို့ သူမေ ျှာ်လင့်ကြောင်းလည်း ပြောပါတယ်။ လူဦးရေ ဆယ်သန်းကျော်ပဲရှိတဲ့ ဂရိနိုင်ငံမှာ ကြာသပတေးနေ့ အထိဆို အကူးစက်ခံရသူက ၅ သောင်း နီးပါးရှိနေပါတယ်။

အမေရိကန် Johns Hopkins တက္ကသိုလ် က ကောက်ယူတဲ့ စစ်တမ်းမှာတော့ ကမ္ဘာတလွှားမှာ COVID-19 အကူးစက်ခံရသူဟာ ၄၈ သန်းခွဲနီးပါး ( ၄၈,၄၅၀,၂၉ ၂) ဖြစ်နေပြီး သေဆုံးရသူက ၁.၂ သန်းကျော် ရှိနေပါတယ်။ အမေရိကန်မှာတော့ အကူးစက်ခံရသူ ၉ သန်းခွဲကျော် နဲ့ အများဆုံး ဖြစ်သလို အိန္ဒိယက ၈ သန်းခွဲနီးပါးနဲ့ ဒုတိယအများဆုံး ဖြစ်ပြီး ဘရာဇီးလ် က ကူးစက်သူ ၅ သန်းခွဲကျော်နဲ့ တတိယ အများဆုံး ဖြစ်ပါတယ်။

တချိန်ထည်းမှာပဲ ကုလသမဂ္ဂက COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး ဆွေးနွေးရေး အတွက် ဒီဇင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ညီလာခံခေါ်ယူသင့်မသင့် ကြာသပတေးနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲခဲ့ကြပြီး အမေရိကန်အပါအဝင် ၃ နိုင်ငံက ကြားနေမဲ၊ ကျန်အဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံပြီး သဘောတူခဲ့ကြပါတယ်။ ကမ္ဘာတလွှား ဒီရောဂါပိုး ကူးစက်ပျံ့နှံ့မှု ကို တုန့်ပြန်ဖို့ နဲ့ လူမှုအသိုင်းဝိုင်းတွေ၊ စီးပွားရေး၊ အလုပ်အကိုင် ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေး ဆိုင်ရာတွေမှာ ဒီရောဂါရဲ့ ရိုက်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဂရိနိုင်ငံ COVID တားဆီးရေး Lockdown ၃ ပတ် ချမှတ်မည်


................


(Unicode)




