လူအများ စိတ်ဒဏ်ရာရမူ

  • ဝင်းမင်း

Police arrest a man in Taunggyi, a city in Shan State, on February 28, 2021, as security forces continue to crackdown on demonstrations by protesters against the military coup. (Photo by STR / AFP)

Your browser doesn’t support HTML5

လူအများ စိတ်ဒဏ်ရာရမူ

နိုင်ငံတဝှမ်း ဆန္ဒပြသူတွေအပေါ် ပစ်ခတ်နှိမ်နင်းနေတာတွေ ပိုပြင်းထန်လာတာကို၊ အများသူငှာ မျက်မြင်တွေ့နေရချိန်မှာ၊ လူအများလည်း စိတ်ဒဏ်တွေ ရလေ့ရှိတယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အခုလို ပစ်ခတ်သတ်ဖြတ် ဖြိုခွင်းနေတာကို၊ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားများစွာ၊ သတင်းနဲ့ လူမူမီဒီယာတွေကတဆင့် မျက်ဝါးထင်ထင် မြင်တွေ့၊ မျက်ရည်တွေကျ၊ ခံစားလာရတာကြောင့်၊ ဝမ်းနည်းပူဆွေးရကာ၊ နိုင်ငံတဝှမ်း စိတ်ဒဏ်ရာရမူ (PTSD – Post Traumatic Stress Disorder) အထိ ဖြစ်စေနိုင်ပါတယ်။ ဒီစိတ်ဒဏ်ရာကြီးက အထူးသဖြင့် တိုက်ရိုက်ခံစားရသူ မိသားစုဝင်တွေမှာ၊ သာမန်အားဖြင့် ရေတို (Acute) ၆ လ ခန့်အထိသာ ဖြစ်နိုင်ပေမယ့်၊ အပြစ်မရှိဘဲ အသတ်ခံရတဲ့ မတရားမူကို ခံစားရတာကြောင့်တော့၊ ပိုဆိုးလာပြီး၊ ရေရှည် (Chronic) ဖြစ်သွားမှာမျိုးလည်း စိုးရိမ်ရပါတယ်။ ဒါ့အပြင် အခုလို အတွေ့အကြုံနဲ့ စိတ်ဒဏ်ရာမျိုး၊ အရင်တုန်းက ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ရသူတွေလည်း၊ အလားတူ ပြန်ခံစားရလာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

PTSD စိတ်ဒဏ်ရာရဲ့ လက္ခဏာတွေကတော့၊ အရင်ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာတွေကို အကြိမ်ကြိမ် ပြန်မြင်ယောင်ကြားယောင်တာ (Flashback)၊ နောက်တစ်ခေါက် ထပ်ဖြစ်မှာကို စိုးရိမ်ကြောက်လန့် ကျီးလန့်စာစားလို ဖြစ်နေတာ (Increase startle Response၊ (ခေါ် ) အသံကြားရုံနဲ့ တုန်လှုပ်သွားတာ)၊ ညအိပ်မပျှော်တာ၊ အိမ်မက်ဆိုးမက်တာ၊ အကြမ်းဖက်တာတွေ ကြားလိုက်တာနဲ့ ဒဏ်ရာပြန်ကြွလာတာ (Reactivated) တွေ ဖြစ်ပါတယ်။ အခုလို အကြိမ်ကြိမ် ဖြစ်ခဲ့တာတွေကို ပြန်သတိရ မြင်ယောင်ကြားယောင်နေလျှင်တော့၊ ကြားကာလမှာ၊ အပိုင်းအခြား အတိုင်းအဆမရှိဘဲ၊ မနေ့ကကဲ့သို့ ပြန်ဖြစ်ခံစားရတတ်ကာ၊ အတွင်းစိတ်မှာ များစွာ ပြိုယွင်းစိတ်ဒဏ် ခံနေရတတ်ပါတယ်။

အခုလို PTSD စိတ်ဒဏ်ရာအတွက် ရေရှည်ဆက်မဖြစ်ရအောင်နဲ့၊ သက်သာလာနိုင်အောင် ကြိုးစားပံ့ပိုးပေးနိုင်တာတချို့ ရှိပါတယ်။ အခု ဒီဒဏ်ရာက လူတစ်ဦးထဲ ခံစားရတာ မဟုတ်တော့ဘဲ၊ တစ်ရပ်ကွက်လုံး၊ လူမူ့အသိုင်းအဝိုင်းတစ်ခုလုံး၊ တစ်နိုင်ငံလုံး ခံစားလာရချိန်မှာ၊ တနိုင်ငံလုံး စိတ်ဒဏ်ရာအဖြစ် တနိုင်ငံလုံး ပူဆွေးမူကြီးအဖြစ်၊ လက်ဗွေရိုက်ထားသလို စွဲထင်နေပြီး (Imprint)၊ အချိန်မရွေး ပြန်ကြွလာနိုင်ပါတယ်။ ဒီနေရာမှာ အခုလို ကြီးမားကျယ်ပြန့်တဲ့ စိတ်ဒဏ်ရာမျိုးဖြစ်ရတဲ့အထိ၊ ကိုယ့်နိုင်ငံသားတွေကို ကိုယ့်မိသားစုလို မစာနာဘဲ၊ အမိန့်ပေးစေခိုင်းသူ စစ်အုပ်စု (Regime) တွေရဲ့ စိတ်သဘာဝကိုလည်း၊ နိုင်ငံတာကာမှာ လေ့လာမူတွေ ရှိလာခဲ့ရာမှာ၊ အဓိကကတော့၊ အာဏာလောဘအတွက် ကိုယ့်ကိုယ်ကို လှည့်စားကာ၊ မှန်တယ်ယူဆပြီး နှိပ်ကွပ်ကြတာပါ။ ဒါကို စိတ်ပိုင်းဆိုင်ရာ ဒီလေ့လာမူတွေအရ၊ လက်အောက်ငယ်သားတွေကလည်း ခေါင်းဆောင်အကြိုက်၊ ပိုလက်သံပြောင်အောင် လိုက်လုပ်ဆောင်ပေးတတ်ကြတာကို တွေ့ခဲ့ရပါတယ်။

ဒီလိုဖိနှိပ်လာမူ ဖြစ်စဉ် စိတ်သဘာဝကြီးကို၊ ရှောင်ရှားရခက်ပေမယ့်၊ သက်သာအောင်အတွက်ကတော့၊ ဒီဖိနှိပ်တဲ့စနစ်ကို တွန်းလှန်နိုင်မှသာ တကယ့်ကုထုံး ဖြစ်လာနိုင်တော့မှာပါ။ ဒါကြောင့် အခုကြုံလာတဲ့ စိတ်ဒဏ်ရာလက္ခဏာတွေကို၊ ပြည်သူတွေ အချင်းချင်း အပြန်အလှန် မျှဝေခံစား ပံ့ပိုးပေးကြရပါမယ်။ အခုလိုအချိန်မျိုးမှာ အလွန်ပူဆွေး ငိုကြွေးယူကြုံးမရ ဖြစ်နေသူတွေကို၊ ဒါတွေမေ့လိုက်ပါတော့၊ စဉ်းစားမနေပါတော့နဲ့လို့ အတင်းသွားပြောလို့ မရနိုင်ပါဘူး။ ဒီအစား သူတကယ်ပူဆွေးနေတာကို အလားတူ မျှဝေရိုင်းပင်း ခံစားပေးကာ၊ ဒီလောက်နစ်နာစေတာက မိမိကိုယ်တိုင်လည်း စဉ်းစားလို့ မရနိုင်တာမျိုး ပြောပြပေးခြင်းဖြင့်၊ အနည်းငယ်သက်သာအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ တကယ်အများကြီး ကူညီပေးနိုင်ဖို့ကတော့၊ အခုလို ထပ်မဖြစ်အောင် ပြောင်းလဲယူနိုင်မဲ့ မျှော်လင့်ချက် (Sense of Hope) ကို မွေးဖွားပေးစေပြီး၊ ဆက်လက်ရှင်သန်နေထိုင်နိုင်အောင် ကူညီပေးတာပါ။

ဒါအပြင် မတရား ကျူးလွန်ခံခဲ့ရသူတွေအနေနဲ့ ကျူးလွန်ခဲ့သူတွေကို၊ အမြဲပြန်တွေ့နေရလျှင်လည်း၊ ဒီ ဒဏ်ရာက ပိုဆိုးလာတတ်ပြီး၊ သက်သာဖို့ ခက်သွားတတ်ပါတယ်။ ဒါကြောင့် တချို့နိုင်ငံတွေမှာ၊ ရေရှည်အဖြေအဖြစ် အပြစ်ကျူးလွန်ခဲ့သူတွေက ကျူးလွန်ခံခဲ့ရသူ (Victims) တွေကို ပြန်တောင်းပန်တာ၊ လျော်ကြေးပေးတာ (Compensation)၊ အပစ်ဒဏ် ပြန်ခံယူရတာတဲ့နည်းတွေကို အသုံးပြုလေ့ရှိပါတယ်။ ဒါမျိုးက အလွန်ကျယ်ပြန့်ပြီး စနစ်တစ်ခုလုံးကို ပြန်တွန်းလှန်နိုင်မှသာ၊ ထိရောက်တဲ့ ကုထုံးဖြစ်လာနိုင်တာမို့၊ အခုအားလုံး မခံမရပ်နိုင်ဖြစ်ကာ ညီညွှတ်စွာ ဝိုင်းတော်လှန်ကြတဲ့ သဘောကိုဆက်ပြီး၊ အချင်းချင်း ရိုင်းပင်းပံ့ပိုးကူညီ တော်လှန်ပေးကြဖို့၊ အရေးကြီးလာနေပြီလို့ စိတ်ပညာရှင်တွေက အကြံပြုပြောဆိုပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက သြစတျေးလျအခြေစိုက် စိတ်ကျန်းမာရေး အထူးကုသမားတော်ကြီးနဲ့၊ မြန်မာဆေးတက္ကသိုလ်တွေရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ Dr. Raymond တင့်ဝေ ကို ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode==





