၂၀၁၇ သြဂုတ်လကဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည် (၇)သိန်းတို့ရဲ့ပြဿနာ တနှစ်လောက် ရှိလာချိန်မှာ၊ ဒီပြသနာကို ရှေ့ဆက်ဘယ်လို ကိုယ်တွယ်ဖြေရှင်းသင့်သလဲ- ဆိုတဲ့ခေါင်းစဉ်နဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက Heritage Foundation မှာ ဇူလိုင်(၃၀)ရက် မနေ့တုန်းက ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီမှာ ဘယ်လိုအကြောင်းရာတွေ အဓိကထား ပြောဆိုဖြစ်ပါသလဲလို့ ကိုယ်တိုင်ပါဝင် ဆွေးနွေးခဲ့သူ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်ဟောင်း တဦးလည်းဖြစ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ DHRP ရဲ့ဥက္ကဌလည်းဖြစ်တဲ့ ဦးကျော်မင်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းရာမှာ သူကခုလို စတင်ဖြေကြားပါတယ်။
ဦးကျော်မင်း။ ။ ရိုဟင်ဂျာဒုက္ခသည် ပြဿနာပေါ်တာ တနှစ်ကျော်မှာ ရှေ့ကိုဘယ်ကို သွားရမှာလဲဆိုတဲ့ခေါင်းစဉ် Where Do We Go From Here? One Year after the Rohingya Crisis ၊ အဲဒီ ဒုက္ခသည် ပြသနာက ဖြေရှင်းသွားဖို့ လိုပါတယ်ပေါ့ဗျာ။ နိုင်ငံတကာကလည်း ဝိုင်းဝန်းပြီး လုပ်ပေးဖို့လိုတယ်၊ သူတို့အခွင့်အရေးတွေ ရဖို့အတွက် စီစဉ်ပေးသင့်တယ်ပေါ့ အဲဒါကို ဇောင်းပေးပြီးပြောခဲ့ပါတယ်။ တချိန်က သူတို့ နိုင်ငံသားတွေဖြစ်တယ်။ နိုင်ငံသားအခွင့်အရေးတွေ ရခဲ့တယ်။ အခုကျတော့ သူတို့ မပြန်ဖြစ်တော့ဘူး။ စီစစ်မှုခံပြီးမှ နိုင်ငံသားလျှောက်ခွင့် ရှိတယ်ဆိုတာမျိုး ပြောနေတယ်လေ။ အဲလိုဆိုတော့ သူတို့ နိုင်ငံသားဖြစ်နိုင်ဖို့ အလားအလားပေါ့ .. အားလုံးအတွက်က လမ်းမပွင့်ဘူး၊ အမျိုးသားမှတ်ပုံတင် ရှိတဲ့လူတွေကို အသိအမှတ်ပြုဖို့လိုတဲ့ အကြောင်းပေါ့။
မေး ။ ။ ဟုတ်ကဲ့ခင်ဗျ၊ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက နေပြီးတော့ ပြန်လည်လက်ခံမယ် လို့လည်း ပြောထားတယ်။ ပြန်လည်လက်ခံမယ့် အစီအစဉ်တွေ လုပ်နေတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဘာတွေလိုအပ်ချက် ရှိနေတယ်လို့မြင်ပါသလဲ။
ဦးကျော်မင်း။ ။ အဲဒီလို ပြန်ခေါ်တာကို ကျနော်တို့ကလည်း ကြိုဆိုပါတယ်၊ ကောင်းပါတယ်ပေါ့ဗျာ ဒါပေမဲ့ ဟိုဘက်က ဒုက္ခသည်တွေက မေးခွန်းထုတ်နေတယ်။ ငါတို့ပြန်သွားတော့ရော ဘာဖြစ်မလဲ ဆိုတာမျိုးပေါ့ဗျာ။ နေရာရင်း ရောက်မလား၊ နိုင်ငံသား ရမလား၊ သူတို့ဆုံးရှုံး သွားတဲ့ လယ်မြေတွေ ပြန်ရမလား အဲဒါမျိုး အစိုးရဘက်က ရှင်းရှင်းလင်းလင်း မပြောသေးလို့ သူတို့က ပြန်လာဖို့ စိတ်မဝင်စားဘူးပေါ့ဗျာ။ မြန်မာအစိုးရကိုယ်စားလှယ် ဝန်ကြီးကိုယ်တိုင် သွားပြီးတော့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေနဲ့ ဆွေးနွေးခဲ့တယ်။ အဲဒီမှာလည်း သူတို့က ခင်ဗျားတို့လုပ်တာ မပြည့်စုံပါဘူးလို့ပြောတယ်။ အဲဒီတော့ အဲဒီဒုက္ခသည်များနဲ့ အစိုးရနဲ့ နည်းနည်း ထပ်လောင်းပြီးတော့ ဆက်လက်ဆွေးနွေး ညှိနှိုင်းတာ ရှိရင် ပိုပြီးကောင်းမယ်လို့ ထင်ပါတယ်။
မေး ။ ။ အခု မြန်မာနိုင်ငံကနေ စွန့်ခွာထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခပြဿနာ ပြေလည်ဖို့အတွက်က ဘယ်လိုဖြေရှင်းရင် ရနိုင်မယ်လို့ ဦးကျော်မင်းတွေးမိပါသလဲ။
ဦးကျော်မင်း။ ။ ဒါက ခက်တဲ့မေးခွန်းပါ။ အစိုးရက ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံ စာချုပ်ချုပ်ထားတယ်။ Agreement လုပ်ထားတယ်ပေါ့ဗျာ။ UNHCR တို့ UNDP တို့နဲ့ MOU လက်မှတ်ထိုးထားတယ်။ အဲဒီအခြေအနေတွေအတိုင်း ပြည်စုံလာရင် ကောင်းတာပေါ့ဗျာ။ ဒါပေမယ့် အဲဒီဘက်က ဒုက္ခသည်တွေ ဘာပြောသလဲဆိုတာကိုလည်း စဉ်းစားပြီး ဖြေရှင်းချက် ရှာရမယ်ထင်တယ်။ ကျနော်တို့ကြားသလောက်တော့ သူတို့က လုံခြုံမှုလိုတယ်။ နိုင်ငံသားပြုခွင့်ရပုံစံမျိုး ပြန်လည်လျှောက်ရမယ် ဆိုတာကို သူတို့က သိပ်သဘောမတူပုံရတယ်။ (ပဋိပက္ခအတွင်း) ဆုံးရှုံးသွားတဲ့ ပစ္စည်းဥစ္စာတွေ ပြန်လိုချင်တယ် အဲလိုပဲရှိမယ် ထင်ပါတယ်။
မေး ။ ။ ဆိုတော့ ဒီအခု မြန်မာအစိုးရကနေ အသစ်ဖွဲ့လိုက်တဲ့ ဖိလစ်ပိုင် ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်တဲ့ လွတ်လပ်တဲ့စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းလိုက်တဲ့အပေါ်မှာ ဆရာ ဘယ်လိုမျှော်လင့်ချက် ထားပါသလဲ၊ ဒီအဖြစ်ပျက်တွေကို ဘယ်လောက်ထိ လွတ်လွတ်လပ်လပ်နဲ့ စုံစမ်းဖေါ်ထုတ်နိုင်မယ်လို့ မျှော်လင့်ပါသလဲ။
ဦးကျော်မင်း။ ။ ဘယ်လိုပဲဆိုဆိုဗျာ ကော်မရှင်တခုဖွဲ့ပြီးတော့ ဒီလို လုပ်တာကိုတော့ ကျနော်တို့ကြိုဆိုပါတယ်။ ရာနှုန်းပြည့် ကောင်းအောင်လို့ ဘယ်သူက လုပ်နိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ အဲဒီ စုံစမ်းရေးကော်မရှင်က အကြံပေးရုံပေါ့ဗျာ။ တကယ် လက်တွေ့ မလုပ်နိုင်မှာ စိုးရတယ်။ အဲဒီတော့ ကျနော်တို့က အစိုးရကိုပဲ အားကိုးတယ်။ အစိုးရက လုပ်နိုင်ဖို့ကိုလည်း တိုက်တွန်းတယ်။
မြန်မာနိုင်ငံမှာတော့ အစိုးရက ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပဲ ငြင်းဆန်ထားပါတယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ DHRP ဥက္ကဌ ဦးကျော်မင်းဟာ အရင်စစ်အစိုးရ လက်ထက်တုန်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး NLD ခေါင်းဆောင်တွေနဲ့ အခြားတိုင်းရင်းသားပါတီ ခေါင်းဆောင်တွေပါ ပါဝင်ဖွဲ့စည်းခဲ့တဲ့ CRPP (ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ) အဖွဲ့ဝင် တဦးလည်းဖြစ်ပါတယ်။
Your browser doesn’t support HTML5