ဖားကန့် မြေစာပုံထပ်ပြိုလို့ လူဆယ်ဂဏန်းပျောက်ဆုံး

ဖားကန့် မြေစာပုံထပ်ပြိုလို့လူဆယ်ဂဏန်းပျောက်ဆုံး (နယ်မြေခံသတင်းထောက်- ကိုဇော်မိုးထက်)

ကချင်ပြည်နယ်ဖားကန့်ကျောက်စိမ်းမြေမှာ ဒီကနေ့မနက် မြေပြိုကျလို့ လူအမြောက်အမြားမြေပိပြီး ထပ်သေဆုံးနေရတဲ့ အဖြစ်ကြောင့် ဒီဖားကန့်ဒေသရဲ့ လူ့အသက်ပေါင်းများစွာအတွက် အန္တရာယ်ရှိလွန်းနေတဲ့အနေအထားကို ပြည်ထောင်စုအစိုးရဘက်က အထူးကိစ္စရပ်အနေနဲ့ အရေးတကြီး ကိုင်တွယ်ဖြေရှင်းသင့်ပြီလို့ ကချင်ပြည်နယ် တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုဆိုင်ရာ အရေးဆောင်ရွက်နေတဲ့ ပညာရှင်တွေက တိုက်တွန်းလိုက်ပါတယ်။ လူရာပေါင်းများစွာ မကြာခဏသေဆုံးနေရပေမဲ့လည်း သက်ဆိုင်ရာဘက်က နစ်နာခဲ့ရသူကျန်ရစ်သူတွေအတွက် ထိရောက်တဲ့ ကူညီမှုတွေ ဆောင်ရွက်ပေးတာလည်းမတွေ့ရဘူးလို့ ဒေသခံတွေကပြောပါတယ်။ အသေးစိတ် မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီကနေ့ အင်္ဂါနေ့ ဇူလိုင်လ ၂၄ရက်နေ့ မနက် ၅း၀၀နာရီ လောက် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆပ်မူအုပ်စု မက်မုံကျေးရွာအပိုင် အောက်မက်လင်ချောင် ကျေးရွာအနီး သက်တမ်းကုန်လုပ်ကွက်ကနေ ကျောက်ကမ်းပါးနံရံပြိုကျခဲ့တဲ့အတွက် လူအနည်းဆုံး လေးဆယ်လောက် ပါသွားနိုင်တယ်လို့ ဒေသခံတွေခန့်မှန်းနေကြပါတယ်။ ဒီလဇူလိုင်လထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းကတင် လူ၁၅ဦးထက်မနည်း မြေပိလို့သေဆုံးခဲ့ရပြီးနောက် အခုလိုထပ်ပြိုကျတာဖြစ်ပါတယ်။

မြေပြိုကျသွားတဲ့ ကမ်းပါးက အင်မတန်မတ်စောက်လွန်းတဲ့အတွက် မြေပိခံရတဲ့သူတွေကို ကူညီကယ်ဆယ်ရေး ခက်ခဲနေပြီး အခုအချိန်ထိကတော့ လူပျောက်တိုင်ကြားထားတာ ၁၈ဦးအထိရှိနေပြီလို့ မြေပြိုကျတဲ့နေရာကို သွားရောက်လေ့လာခဲ့တဲ့ ဖားကန့်ဒေသခံလည်းဖြစ် နယ်မြေခံသတင်းထောက်တဦးဖြစ်တဲ့ ကိုဇော်မိုးထက်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

"ဖြစ်တဲ့နေရာက ကျနော်တို့ ဖားကန့်မြို့နယ် ဆပ်မူအုပ်စု မက်မုံကျေးရွာအနောက်ပေါ့။ အလောင်းက ၁လောင်းမှ ဆယ်လို့မရသေးသလို အလောင်းဆယ်ဖို့ အရမ်းခက်ခဲပါတယ်။ အရမ်းမတ်စောက်တယ်။ အထဲကို ရာချီပြီးတော့ ဆင်းသွားရတယ်။ ယန္တယားတွေ ဆင်းဖို့တက်ဖို့လည်းမလွယ်ဘူး။ ဘယ်ယန္တယားမှလည်း လာတာမတွေ့ဘူးပေါ့နော်။ လူမှုကူညီရေးအဖွဲ့တွေကတော့ အလောင်းများပေါ်လာမလား၊ ပေါ်လာရင်တော့ ဆယ်ဖို့အတွက် ဒီလောက်ပဲ မြေပြင်အခြေအနေကို လိုက်လေ့လာနေရတာပေါ့။ လောလောဆည် လူပျောက်စာရင်းကတော့ ၁၈ ယောက်ရတာပေါ့နော်။ လူပျောက်စာရင်း ၁၈ ယောက်ရတယ်။ ကျနော်အခု တအိမ်ထဲမှာ ၄ ဦးပါသွားတဲ့ မိသားစုနဲ့ သွားတွေ့နေတာ ၊ တွေ့ပြီးတော့ ပြန်လာခဲ့ပါပြီ။ တခြားရွာတွေကရော အားလုံးပေါင်း ၁၈ ယောက်ကျနော်တို့ ရထားပြီ ၊ ဒါတွေက ကျေးရွာလူကြီးအသင်းတွေဆီက ရတဲ့သတင်းပေါ့နော် ၊ ပြိုတာကတော့ မနက် ၅ နာရီနဲ့ ၆ နာရီကြားထဲမှာ ပြိုတာပေါ့နော်။"

အခုလို ဖားကန့်ဒေသကျောက်စိမ်းတွင်းမှာ လူရာနဲ့ချီ အစုလိုက်အပြုံလိုက်သေကြပျက်စီးနေရတဲ့အဖြစ်ကို ပြည်ထောင်စုအစိုးရဘက်က အမြန်ဆုံးအထူးကိစ္စရပ်အနေနဲ့ ကိုင်တွယ်ဖြေရှင်းသင့်နေပြီလို့ ကချင်ပြည်နယ် တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီရဲ့တာဝန်ခံလည်းဖြစ် ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးလည်းဖြစ်ခဲ့ဖူးတဲ့ ဒေါ်ဒွဲဘူက တိုက်တွန်းလိုက်ပါတယ်။

" ပြည်ထောင်စုအစိုးရအနေနဲ့ အထူးကိစ္စရပ်အနေနဲ့ ကိုင်တွယ်သင့်ပြီပေါ့နော်။ ပြည်နယ်အစိုးရကလည်း ဒါကိုလုပ်ပိုင်ခွင့်မရှိဘူး။ အဲဒီတော့ ဒီကိစ္စရပ်တွေ ဒီလောက်ဖြစ်နေတာ အစိုးရက သိသလား မသိဘူးလားဆိုတာကို ကျမတို့ ပြည်သူတယောက်အနေနဲ့ မေးကြည့်ချင်တာပေါ့နော်။ သိတယ်ဆိုရင်လည်း လူဒီလောက်သေနေတာပေါေ့နာ်။ တိုင်းပြည်အတွက်လည်း ဘာမှ အကျိုးမရှိဘူး၊ ကချင်ပြည်သူတွေအတွက်လည်း ဘာမှ အကျိုးမရှိတာကို ပိတ်သိမ်းလိုက်တာ ကောင်းမယ်လို့ ဒါကိုတော့ အထူကိစ္စရပ်အနေနဲ့ အစိုးရကနေ ကိုင်တွယ်သင့်ပြီလို့ ပြောချင်ပါတယ်။"

အခုလို ဖားကန့်ဒေသမှာ လုပ်ငန်းခွင် လုံခြုံမှုမရှိတာ စည်းကမ်းမဲ့ ကျောက်တူးဖော်မှုတွေရှိနေတာ နောက် လူတွေ အစုလိုက်အပြုံလိုက်သေဆုံးမှုတွေကို ဟန့်တားနိုင်ဖို့အတွက် ခိုင်မာတဲ့ ကျောက်မျက်ဥပဒေကို လွှတ်တော်ဘက်ကလည်း အမြန်ဆုံးပြဋ္ဌာန်းသင့်ပြီလို့ ကချင်လူ့အခွင့်အရေးရှေ့နေဦးခွန်နောင်ကလည်း တိုက်တွန်းပါတယ်၊

"အရေးအကြီးဆုံးဖြစ်တဲ့ ကျောက်မျက်ဥပဒေကို မြန်မြန်အတည်ပြုဖို့လိုတယ်။ အခုက ပြင်ဆင်စဲကာလမှာ ဥပဒေကြမ်းပဲ ထွက်သေးတာပေါ့နော်။ ဥပဒေကြမ်းပဲ ထွက်သေးတဲ့အခါကျတော့ ပြင်ဆင်တဲ့ဥပဒေ က အတည်ပြုမပြဌာန်းသေးတဲ့အခါကျတော့ ဒီကြားကာလမှာ စီးပွားရေးလုပ်ငန်းရှင်တွေပေါ့ဗျာ သူူတို့တွေက ဒီဥပဒေ အတည်မပြုမီမှာ သူတို့အကျိုးစီးပွားအတွက် မြန်မြန်လေး တူးထုတ်နေတယ်ဆိုတာကို ကျနော်တို့ တွေ့ရှိရတာပေါ့လေ။ အခုလို မဖြစ်အောင် တားဆီးကာကွယ်ထားမယ့် အချက်အလက်တွေပါရင် ဒီလိုမျိုးလူတွေ သေဆုံးမှုတွေဟာ လျော့ကျသွားမယ်လို့ သုံးသပ်တာပေါ့လေ။"

နောက် မြေပြိုကျမှုတွေကြောင့် လူပျောက်ဆုံး သေဆုံးခဲ့ရတဲ့ ထိခိုက်နစ်နာမှုတွေနဲ့ ကျန်ရစ်သူမိသားစုတွေကို ကချင်ပြည်နယ်အစိုးရ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ထိရောက်တဲ့ ကူညီဖြေရှင်းမှုတွေနဲ့ ဆောင်ရွက်ပေးသင့်တယ်လို့လည်းကချင်ရှေ့နေဦးခွန်နောင်က ပြောပါတယ်။

"လူသားချင်းစာနာမှုအနေနဲ့ကတော့ အများကြီးသူတို့ကို မိသားစုဝင်တွေကို ထောက်တာတွေ လုပ်သင့်တာပေါ့ဗျာ ။ အခုကျနော်တို့ဆီမှာက လူက ဂဏန်းတောင်းမရေတွက်နိုင်ဘူး။ အခုကျနော်တို့ သုံးသပ်တာက ရာကြီးဂဏန်းပိုင်းတောင်မှ ရှိနေပြီ။ ဒီမိုးတွင်းကာလပိုင်းမှာ အဲဒီလောက်အထိ ရှိနေပေမယ့်လည်း သူတို့ ဘက်က ဝမ်းနည်းကြောင်း၊ တစုံတခုထောက်ပံ့ကြောင်းဆိုတာတွေက မတွေ့ရဘူး။ ဒါတွေက အရမ်းကို ဆိုးဝါးနေတယ်ဆိုပြီး မြင်တာပေါ့နော် ။ သူတို့အနေနဲ့ ဘာလုပ်သင့်သလဲဆိုတော့ သေဆုံးသွားတဲ့ မိသားစုဝင်တွေကို သက်ဆိုင်ရာ ကူညီထောက်ပံ့မှုတွေ မြန်မြန်လေးလုပ်ခိုင်းစေချင်တာပေါ့နော်။"

ကချင်ပြည်နယ်ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းခွင်တွေက ထွက်လာတဲ့ စွန့်ပစ်မြေစာပုံတွေထဲမှာ ရေမဆေးကျောက်တွေကို နိုင်ငံတဝှမ်းက လူူအများအပြား လာရောက်အခြေချကြပြီး စွန့်ပစ်ကျောက်တွေကို ရှာဖွေနေကြချိန် ရာသီဥတုဒဏ်၊ ကျောက်တူးစက်ကြီးတွေနဲ့ တူးဖော်နေလို့ တုန်ခါမှုတွေနဲ့ မြေစာပုံတွေ မြေကမ်းပါးရံတွေမကြာခဏ ပြိုကျလို့ လူရာချီနဲ့သေဆုံးရတာရှိသလို လူအများအပြား မြေပိပြီး ပျောက်ဆုံးသွားရတာတွေလည်းရှိနေတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဖားကန့် မြေစာပုံထပ်ပြိုလို့ လူဆယ်ဂဏန်းပျောက်ဆုံး