မြန်မာ့ပဋိပက္ခဖြေရှင်းရေးမှာ အာဆီယံတခုတည်းအနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိမှာမဟုတ်လို့ အမေရိကန် အီးယူအပါအဝင် မြန်မာ့အရေးဖြေရှင်းဖို့ သဘောထားတူသူတွေကြား မြန်မာ့မိတ်ဆွေနိုင်ငံတွေ စုစည်းပြီးကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က VOA ကို ပြောပါတယ်။ တချိန်တည်းမှာ နေပြည်တော်မှာ သောကြာနေ့အထိ ကျင်းပမယ့် အာဆီယံ လေတပ် စစ်ဦးစီးချုပ်များ အစည်းအဝေးကို အာဆီယံနိုင်ငံအားလုံး သပိတ်မှောက်သင်တဲ့အကြောင်း သူက ပြောဆိုသွားပါတယ်။
"အာဆီယံအနေနဲ့ မြန်မာနိုင်ငံထဲမှာ ဘယ်လိုအစည်းအဝေးမှ မလုပ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ စစ်ကောင်စီက ဒါတွေကို သူတို့ဝါဒဖြန့်ချီရေးအတွက်ပဲ အသုံးချမှာမို့ပါ။ လေတပ်ဦီးစီးချုပ်အစည်းအဝေးပဲဖြစ်ဖြစ် အစည်းအဝေးသေးသေးပဲဖြစ်ဖြစ်ပါ၊ ဘယ်လိုအစည်းအဝေးမျိုးကိုမှ အာဆီယံအနေနဲ့ မြန်မာနိုင်ငံထဲ မကျင်းပသင့်ပါဘူး။ ဒါဟာ မူဝါဒတရပ်၊ ခေါင်းဆောင်တွေကြား သဘောတူညီမှုတရပ်ဖြစ်သင့်ပါတယ်။ တချိန်တည်းမှာ မြန်မာလေတပ်ဟာ အရပ်သားပြည်သူတွေကိုပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ရာနဲ့ချီ သေဆုံးတာတွေရှိနေပါတယ်။ ဒါကို လက်ခံလို့မရပါဘူးး" လို့ HRW အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က VOA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုသွားတာပါ။
မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့် ဒေသတွင်း ထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီအကြီးအကဲတွေကို တက်ရောက်ခွင့် ပိတ်ပင်ထားချိန်မှာပဲ မြန်မာနိုင်ငံမှာ အလှည့်ကျ အာဆီယံ လေတပ် စစ်ဦးစီးချုပ်များ အစည်းအဝေး ကျင်းပတာပါ။ မြန်မာနိုင်ငံမှာ ကျင်းပမယ့်အစည်းအဝေးကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက လေတပ် စစ်ဦးစီးချုပ်တွေ အစည်းအဝေး တက်ရောက်မှာ မဟုတ်တဲ့အကြောင်း အကြောင်းပြန်ထားပြီး ဖိလစ်ပိုင် လေတပ် စစ်ဦးစီးချုပ်က ဗွီဒီယိုကနေ မိန့်ခွန်းပေးပို့မယ်လို့ ပြောဆိုထားတာပါ။ စင်္ကာပူ၊ ဘရူနိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေကတော့ တစုံတရာ ပြောဆိုတာ မရှိသလို ထိုင်းနိုင်ငံ လေတပ် စစ်ဦးစီးချုပ်ကတော့ အစည်းအဝေးတက်ရောက်မယ်လို့ ပြောဆိုထားတာကို ဒေသတွင်း သတင်းတွေမှာ ရေးပါတယ်။
Your browser doesn’t support HTML5