မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေကို အလေးထား ပြောကြားခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ မိန့်ခွန်းအပေါ်မှာတော့ သဘောထားအမြင်တွေ အမျိုးမျိုးရှိနေကြပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ပြောကြားတဲ့ မိန့်ခွန်းကို နိုင်ငံတကာ အသိုက်အဝန်းကို ရည်ရွယ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုထားပေမဲ့လည်း လက်တွေ့ အခြေအနေတွေနဲ့ ကင်းကွာနေတယ်ဆိုပြီး လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်နေကြတာပါ။ အပြည့်အစုံကိုတော့ နန်းလောင်ဝ်က ပြောပြပေးမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းအပေါ် သဘောထားအမြင် အမျိုးမျိုး ထွက်ပေါ်နေတဲ့အထဲ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ ကြားမှာတော့ အားမလိုအားမရ ဝေဖန်နေကြတာပါ။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Human Rights Watch ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းဟာ လက်တွေ့အခြေအနေနဲ့ ကင်းကွာနေတယ်လို့ ဆိုပါတယ်။
"သူ့အနေနဲ့ တသီးတခြား ဖြစ်နေသလို၊ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေအတွက် စစ်တပ်ကိုပဲ အားထားနေရတာတွေ ရောယှက်နေတယ်လို့ ထင်ပါတယ်။ စစ်တပ်ကနေ သူ့အနေနဲ့ သတင်းမှန်တွေ ရနိုင်မှာ မဟုတ်ပါဘူး။"
မြန်မာနိုင်ငံက အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူးတဦးလည်းဖြစ်တဲ့ ဦးအေးလွင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းဟာ ရိုသားမှုအပြည့်နဲ့ ပြောဆိုသွားတာ ဖြစ်ပေမဲ့ အားနည်းချက်တချို့ ရှိနေတယ်လို့ သုံးသပ်ပါတယ်။
“၁ အချက်ကတော့သူ့အနေနဲ့ ရိုးသားမှုအပြည့်အဝရှိတယ်လို့တော့မြင်ပါတယ်။ ၂ အချက်အနေနဲ့ သူ့အနေနဲ့တင်ပြတဲ့နေရာမှာ ငြင်းပယ်ခြင်းပေါ့လေ Flat denial/ outright denial ဘာတခုမှ မလုပ်ဘူး။ အဲဒီတော့ သူ့အနေနဲ့က ဘာသာပေါင်းစုံ တည်ရှိတဲ့အကြောင်းကို သူငြင်းဆိုမှုမရှိဘူး။ ဘာသာပေါင်းစုံ သဟဇာတရှိရေးအတွက်ကို ကြိုးစားမယ်ဆိုပြီးပြောသွားတယ်။ အဲဒါလေးကို ကျနော့်အနေနဲ့ လေးလေးနက်နက် အသိအမှတ်ပြုတယ်။ သို့သော်လည်း လက်ရှိအခြေအနေမှာ ရခိုင်ပြည်မှာရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေအတွက် ပညာရေးတို့ ကျန်းမာရေးတို့ကတော့ သူပြောသလို အပြည့်အဝတော့ မရသေးဘူး။”
နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ အပါအဝင် နိုင်ငံတကာရဲ့ စုံစမ်းစစ်ဆေးမှုတွေကို လက်ခံဖို့ တိုက်တွန်းနေကြတာပါ။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Amnesty International ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ Laura Haigh ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းဟာ အခြေအနေမှန်တွေကို ထင်ဟပ်မှုမရှိဘူးလို့ ဝေဖန်ထားပါတယ်။
"ဒီကနေ့ မိန့်ခွန်းကတော့ ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း ရခိုင်ပြည်နယ်မှာ ကြုံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အရပ်သားအစိုးရက ဖြစ်ပျက်နေတာတွေကို အရပ်သားအစိုးရက ငြင်းပယ်နေတဲ့ လက္ခဏာတခုလို့ ယူဆပါတယ်။ တချို့ပြောဆိုချက်တွေဟာ ဆိုရင်လည်း မမှန်ကန်တာတွေ၊ အပြစ်ဖို့တာတွေနဲ့ ရောထွေးနေပါတယ်။"
ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ဦးအေးလွင် ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းဟာ ပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းဖို့ ကြိုးပမ်းနေတာကို ပြသနေတယ်လို့ ပြောပါတယ်။
“ကျနော်တို့ ပြဿနာရပ်ကြီးတခုကို ကြိုးစားအားထုတ် ရုန်းကန်ပြီးတော့ ဘယ်လိုကျော်လွှား မလဲဆိုတဲ့ဟာကို သူ ပြောသွားတဲ့အတွက် အခြေအနေတွေကို ငြင်းဆိုနေတာမဟုတ်ဘူး။ အင်မတန်အရေးတယူလုပ်ရမယ့်အခြေအနေတွေ ရှိနေတယ်ဆိုတာကို သူလက်ခံအသိအမှတ်ပြုပြီး ဒါဘယ်လိုကျော်လွှား သွားရမယ်ဆိုတာကို အပြည်ပြည်ဆိုင်ရာ ပုဂ္ဂိုလ်တွေကိုလည်းပဲ သူ့အနေနဲ့ နားလည်မှုပေးဖို့ပြောတယ်။ ပြည်တွင်းမှာရှိနေတဲ့ သံတမန်တွေကိုလည်းပဲ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီးတော့ မေးမြန်းစုံစမ်းစစ်ဆေးရေးတွေလုပ်ဖို့အတွက်လည်း သူဖိတ်ခေါ်နေပါတယ်။ သူဘာကိုမှ မရှိပါဘူး၊ မဟုတ်ပါဘူး ၊ မဖြစ်ပါဘူးလို့ သူငြင်းဆိုထားတာ တခုမှမရှိဘူး။”
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာလက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ဝေဖန်ခံရမယ့် အနေအထားတွေလည်း ရှိနေတာပါ။ ဒီအစည်းအဝေးကို ပြည်တွင်းမှာ အာရုံစိုက်စရာကိစ္စရပ်အတော်များများရှိနေတဲ့အတွက်ဆိုပြီးဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဒုသမ္မတ ဟင်နရီဗန်ထီးယူကသာတက်ရောက်လာခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5