Ivory Coast နိုင်ငံမှာ ၂၀၁၀ ခုနှစ်က ကျင်းပခဲ့တဲ့ အငြင်းပွားဖွယ် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ သမ္မတဟောင်း Laurent Gbagbo ကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အင်္ဂါနေ့မှာ တရားသေ လွတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ သမ္မတ Gbagbo ဟာ အဲဒီ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီး ရာထူးက ဆင်းပေးလိုက်ရပါတယ်။
အသက် ၇၃ နှစ်အရွယ် သမ္မတ Gbagbo နဲ့ သူ့ရဲ့ အနီးကပ် လက်ထောက်တဦးလည်းဖြစ်၊ သူ့အစိုးရလက်ထက်အတွင်း လူငယ်ရေးရာ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်တဲ့ Charles Ble Goude တို့ ၂ ဦးကို တရားသေ လွတ်ပေးလိုက်ကြောင်း အလှည့်ကျ တရားသူကြီး Cuno Tarfusser က ကြေညာလိုက်တဲ့အချိန်မှာ သမ္မတ Gbagbo ကို ထောက်ခံသူတွေက ကျယ်လောင်စွာ အော်ဟစ် သြဘာ ပေးခဲ့ကြပါတယ်။
တရားခံအနေနဲ့ ပြစ်မှု ထင်ရှားကြောင်း တရားလိုဘက်က ခိုင်လုံတဲ့ သက်သေ အထောက်အထား မပြနိုင်ခဲ့ဘူးလို့ တရားသူကြီး အဖွဲ့ဝင် အများစုက ဆုံးဖြတ်ခဲ့ကြတယ်လို့ အလှည့်ကျ တရားသူကြီး Tarfusser က ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ပြိုင်ဘက်၊ လက်ရှိသမ္မတ Alassane Outara ရွေးကောက်ပွဲမှာ အနိုင်ရတယ်ဆိုတာကို အဲဒီအချိန်က သမ္မတ ဖြစ်နေတဲ့ Laurent Gbagbo က လက်ခံဖို့ ငြင်းဆန်ခဲ့ပြီးတဲ့နောက် ၂၀၁၀ နှစ်နှစ် နှောင်းပိုင်းနဲ့ ၂၀၁၁ ခုနှစ်အစောပိုင်းအကြား ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့ရတာပါ။ ဒါပေမယ့် သူတို့ကို ထောက်ခံသူတွေက အဲဒီလို အကြမ်းဖက်မှုတွေ လုပ်ဆောင်အောင် သမ္မတဟောင်း Gbagbo ရော၊ သူ့ရဲ့ လက်ထောက် Ble Boude တို့ ၂ ဦးစလုံးက ကြိုတင် စီမံခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထား မတွေ့ရကြောင်း တရားသူကြီး Tarfusser က ပြောပါတယ်။
သူတို့ ၂ ဦးကို ချက်ခြင်း ပြန်လွတ်ပေးဖို့ တရားသူကြီး အမိန့် ချမှတ်ခဲ့ပေမယ့် တရားလိုဘက်က ဆုံးဖြတ်ချက်အပေါ် အယူခံဝင်လိုသလား ဆိုတာကို စောင့်ကြည့်ဖို့အတွက် အမိန့်ကို ဗုဒ္ဓဟူးနေ့အထိ ဆိုင်းငံ့ထားလိုက်ပါတယ်။
Your browser doesn’t support HTML5
Ivory Coast သမ္မတဟောင်းကို စစ်ရာဇဝတ်မှုစွဲဆိုမှု ICC တရားသေလွှတ်