စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရှားတောရွာမှာ စစ်ရှောင်နေသူတွေအတွက် အနွေးထည်နဲ့ ခြုံစောင် အရေးတကြီးလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ နေရပ်ပြန်မရသေးဘဲ ၃ နှစ်ကျော်ကြာ ကိုယ်ထူကိုယ်ထ စစ်ရှောင်နေရတဲ့အတွက် ရရာအလုပ်လုပ်ကိုင်ပြီး၊ အလှူရှင်တွေရဲ့ အကူအညီလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။ ကလေးမြို့နယ်တောင်ပိုင်းက စစ်ရှောင်တွေရဲ့ အခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။
ကလေးမြို့နယ်၊ ရှားတောရွာမှာ ကိုယ်ထူကိုယ်ထ စစ်ရှောင်နေကြသူတွေအတွက် အခုနှစ်ဆောင်းရာသီ အနွေးထည်နဲ့ ခြုံစောင်တွေ အရေးတကြီးလိုအပ်နေတယ်လို့ စစ်ရှောင်နေသူတဦးက ပြောပါတယ်။
"ကျနော်တို့ အစစခက်ခဲနေတာတော့ ခြုံဖို့လေးတွေ ခက်ခဲတယ်ဗျ။ တတ်နိုင်သမျှလေးလည်း ကူညီဆောင်ရွက်ပေးပါဦးဗျ။ အလှူရှင်တွေကိုလည်း အားကိုးရတာပေါ့။ ကျနော်တို့ ရရာအလုပ်တွေလည်း လုပ်ပြီးတော့မှ ဆန်စုဆောင်းဝယ်ရတယ်ဗျ။ လုပ်အားခက တနေ့လုံးလုပ်မှ ၅,၀၀၀ ရတယ်ဗျ။ ပဲချိတ်၊ ပဲပေါင်းထိုးတွေ၊ နှမ်းဆိုလည်း နှမ်းပေါင်းထိုး၊ နှမ်းချိတ်။ အဲဒါတွေ လုပ်ကြတယ်ဗျ။ တအားချို့တဲ့ပါတယ်၊ ကျနော်တို့ရွာလေးက။"
အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်ကနေ ထွက်ပြေးလာရပြီး စစ်ရှောင်နေတာ ၃ နှစ်ကျော်လာချိန် အိမ်ပြန်နိုင်ဖို့က ပျူရွာတွေကြားမှာ ရှိနေလို့ ရွာထဲပြန်ဝင်ဖို့ ခက်နေတယ်လို့ ပြောပါတယ်။ အခုစစ်ရှောင်နေရတဲ့ နေရာမှာ စစ်ရေးပဋိပက္ခမရှိပေမယ့် လက်နက်ကြီးသံနားစွင့်နေရပြီး ဗုံးခိုကျင်းတွေလည်း တူးထားတယ်လို့ ဆက်ပြောပါတယ်။
SEE ALSO: စစ်ကောင်စီ လက်နက်ကြီးကြောင့် ကလေးမြို့နယ်မှာ ရွာသား ၄ ဦး သေဆုံး"ကျနော်တို့ အိမ်တိုင်းလည်း ဗုံးခိုကျင်းလေးတွေ တူးထားတယ်ဗျ။ စစ်ကြောင်းကတော့ မရှိဘူးဗျ။ လက်နက်ကြီးတွေနဲ့ ရမ်းထုတာလောက်ပဲ ရှိတာဗျ။"
ကလေးမြို့နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက အင်တာနက်လိုင်းတွေကိုလည်း ဖြတ်တောက်ထားပါတယ်။ ရေရှင်နဲ့ ရှားတော စစ်ရှောင်နေကြတဲ့ သူတွေအတွက် စားသောက်နေထိုင်ရေး အခက်အခဲတွေ ရှိနေတယ်လို့ စစ်ရှောင်ကူညီပေးနေသူ တဦးကလည်း ပြောပါတယ်။
"သူတို့ တော်တော်လေးကို ခက်ခဲတာကတော့ တချို့ကျလည်းပဲ စားဝတ်နေရေး မပြေလည်တာလေးတွေ။ ဒီလောလောဆယ်ကတော့ ခြုံဝတ်ခြုံစောင်နဲ့ အနွေးထည်လေးတွေ၊ သူတို့မှာ လုံးဝမပါခဲ့တာဗျာ။ နဂိုတုန်းတော့ စပါးဆိုရင်လည်း ဧကပြတ်တွေနဲ့ ရိတ်ကြပြုကြတာ ဆိုတော့လေ။ အခုကျတော့ သူတို့က စက်တွေနဲ့ ရိတ်ကြတာဆိုတော့ လက်လုပ်လက်စားကလည်း အားကိုးလို့မရဘူး ဖြစ်နေတယ်။ လောလောဆယ်ကတော့ ခြုံဝတ်ခြုံစက အဓိက အရေးကြီးတာပေါ့။"
ကလေးမြို့တခုလုံးမှာ စစ်ဘေးဒုက္ခသည် ဦးရေဟာ ၃ သောင်းဝန်းကျင်ရှိတယ်လို့ စစ်ရှောင်ကူညီနေသူတွေရဲ့ စာရင်းအရသိရပါတယ်။ အဲဒီထဲက ရေရှင်နဲ့ ရှားတောမှာ စစ်ရှောင်နေရသူတွေဟာ ၃ နှစ်ကျော်ကြာလာချိန်အထိ ကိုယ်ထူကိုယ်ထ ရုန်းကန်နေကြပြီး၊ ကာလကြာလာတာနဲ့အမျှ အလှူရှင်တွေရဲ့ အကူအညီလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။
Your browser doesn’t support HTML5