စစ်အာဏာသိမ်း မြန်မာနိုင်ငံအခြေအနေ IIMM အချက်အလက် စုဆောင်းနေ

IIMM အကြီးအကဲ Nicholas Koumjian

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေဟာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်တာကြောင့် ဆန်းစစ်လေ့လာနေကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တယား (IIMM) အကြီးအကဲက ပြောလိုက်ပါတယ်။ ကနဦး စုဆောင်းရရှိတဲ့ အချက်အလက်တွေအရ အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို စနစ်တကျ၊ ပစ်မှတ်ထား ဖိနှိပ်တဲ့ အထောက်အထားတွေ တွေ့ရကြောင်းလည်း (IIMM) အကြီးအကဲ Nicholas Koumjian ကပြောဆိုလိုက်တာပါ။ နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ သောကြာနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားချက်တွေနဲ့ ပတ်သက်လို့ ကိုဇော်မိုးကျော် ပြောပြပေးမှာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကနဦး ရရှိထားတဲ့ အချက်အလက်တွေအရ အရပ်သားပြည်သူတွေအပေါ် စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်တဲ့ လက္ခဏာတွေ တွေ့ရပြီး၊ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တယား (IIMM) အကြီးအကဲကပြောလိုက်တာပါ။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး IIMM အကြီးအကဲ Nicholas Koumjian က နယူးယောက် ကုလသမဂ္ဂရုံးချုပ်က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

“အဖြစ်အပျက်တွေနဲ့ ကနဦး ရရှိတဲ့ အချက်အလက်တွေကို ဆန်းစစ်ကြည့်ရာမှာ အရပ်သားတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ တိုက်ခိုက်တာတွေကို တွေ့ရတာကြောင့် လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ကျနော်တို့ ခံစားမိပါတယ်။”

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အချက်အလက် စုဆောင်းဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားပေမဲ့ မြန်မာနိုင်ငံကို သွားရောက် စုံစမ်းစစ်ဆေးမှုတွေ မလုပ်နိုင်ခဲ့တဲ့ IIMM အဖွဲ့အနေနဲ့ စစ်အာဏာသိမ်းမှုကြောင့် လုပ်ငန်းတွေလုပ်ဖို့ စိန်ခေါ်မှုတွေနဲ့အတူ အခွင့်အလမ်းတွေ ပေါ်ပေါက်လာတယ်လို့လည်း ပြောပါတယ်။ အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှု အချက်အလက်တွေကို ပိုမို စုဆောင်း ရရှိလာကြောင်းလည်း IIMM အကြီးအကဲက ပြောပါတယ်။

“အထူးသဖြင့် မြန်မာပြည်ထဲက ဆက်သွယ်မှုတွေ အမြောက်အများ လက်ခံရရှိခဲ့ပါတယ်။ တာဝန်ခံမှုရှိအောင်လုပ်ပေးဖို့ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး၊ တာဝန်ရှိသူတွေကိုလည်း အရေးယူဖို့ တောင်းဆိုကြပါတယ်။”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း IIMM အဖွဲ့ကို ဆက်သွယ်မှုပေါင်း ၂ သိန်းကျော် ရှိခဲ့ပြီး၊ သက်သေ အထောက်အထား ၁ သန်း ခွဲကျော် လက်ခံရရှိထားကြောင်းလည်း ပြောပါတယ်။ ရရှိထားတဲ့ အချက်အလက်တွေကို ဆန်းစစ်လေ့လာမှာ ဖြစ်သလို၊ နောက်ထပ်လည်း အချက်အလက်တွေ ထပ်မံစုဆောင်းပြီး မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ ရာဇဝတ်မှုကြီးတွေကို ကျုးလွန်သူတွေအပေါ် အရေးယူနိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စနစ်တကျ ညွှန်ကြားချက်တွေနဲ့ ကျုးလွန်တာတွေကို တွေ့ရှိရတဲ့အတွက် စုံစမ်းဖော်ထုတ်ဖို့ ကြိုးပမ်းသွားမယ်လို့လည်း ပြောပါတယ်။

“အာဏာသိမ်းပြီး ပထမ ၁ လ၊ ၁ လခွဲလောက်မှာ ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက အကန့်အသတ်နဲ့ တုံ့ပြန်တာ တွေ့ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ပိုကြမ်းတမ်းလာပြီး၊ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲတဲ့ နည်းတွေကို သုံးလာတာ တွေ့ရပါတယ်။ နေရာစုံမှာ တပြိုင်တည်း ဖြစ်တာကို တွေ့ရတဲ့အတွက် ဒါဟာ ဗဟိုကနေ မူဝါဒချပြီး လုပ်တယ်လို့ ကောက်ချက်ဆွဲစရာ ဖြစ်နေပါတယ်။”

စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို နှိမ်နင်းရာမှာ ဥပဒေမဲ့ လုပ်ရပ်တွေ၊ တချို့လူပုဂ္ဂိုလ်တွေနဲ့ အသိုင်းအဝန်းကို ပစ်မှတ်ထားတာတွေ၊ အထူးသဖြင့် ကျန်းမာရေး ဝန်ထမ်းတွေ၊ သတင်းသမားတွေ၊ အတိုက်အခံနိုင်ငံရေးသမားတွေ ပါဝင်တာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

မြန်မာစစ်အာဏာပိုင်တွေ ဖက်ကတော့ ဥပဒေနဲ့အညီ ဆောင်ရွက်နေကြောင်း ကာကွယ်ပြောဆိုထားပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ စွပ်စွဲချက်တွေဟာလည်း လက်တွေ့အခြေအနေတွေကို ထင်ဟပ်မှု မရှိဘူးဆိုပြီး တုံ့ပြန်ထားပါတယ်။

IIMM ကိုတော့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေအပေါ် ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီး နောက်တနှစ် ၂၀၁၈ ခုနှစ်မှာပဲ ကုလသမဂ္ဂ လူ့အခွင့် အရေးကော်မရှင်ကနေ ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လည်း IIMM ဟာ ရိုဟင်ဂျာအရေး သာမကပဲ မြန်မာနိုင်ငံမှာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု အပါအဝင် ကြီးလေးတဲ့ ရာဇဝတ်မှုတွေအတွက် စောင့်ကြည့်ပြီး သက်သေအထောက်အထားတွေ စုဆောင်းဖို့ တာဝန်ရှိတယ်လို့လည်း IIMM အကြီးအကဲ Nicholas Koumjian ကပြောဆိုခဲ့ပါတယ်

Your browser doesn’t support HTML5

စစ်အာဏာသိမ်း မြန်မာနိုင်ငံအခြေအနေ IIMM အချက်အလက် စုဆောင်းနေ

(Unicode)

စစ်အာဏာသိမ်း မြန်မာနိုင်ငံအခြေအနေ IIMM အချက်အလက် စုဆောင်းနေ









