သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးကောင်စီ ဆွေးနွေးမှုများ စစ်ကောင်စီ ကန့်ကွက်


ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး ကျင်းပနေတဲ့ မြင်ကွင်းတခု။ (စက်တင်ဘာ ၁၈၊ ၂၀၂၀)
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး ကျင်းပနေတဲ့ မြင်ကွင်းတခု။ (စက်တင်ဘာ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တင်ပြဆွေးနွေးချက်တွေဟာ မှန်ကန်မှုမရှိဘူးလို့ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၅ ရက် နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး ငြင်းဆိုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပလျက်ရှိတဲ့ ၄၈ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံကို ဆန့်ကျင်ပြီး ဆွေးနွေးမှု ၃ ခု ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ မြန်မာနိုင်ငံ မပါဝင်ဘဲ ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံချက်တွေမှာလည်း တိကျမှန်ကန်မှု၊ ခိုင်လုံမှု မရှိဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ကလည်း လူ့အခွင့်အရေးကောင်စီကို အစီရင်ခံခဲ့ကြောင်း၊ ဒီ IIMM ကော်မရှင်ကိုလည်း အသိအမှတ်မပြုကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် ၂၂ ရက်နေ့က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ အစီရင်ခံတင်သွင်းသူဟာလည်း လိုက်နာရမယ့် ကျင့်ဝတ်များနဲ့ မညီကြောင်း၊ တင်သွင်းမယ့် အစီရင်ခံစာကို သက်ဆိုင်ရာ အစိုးရကို ပေးပို့ခြင်းမရှိသလို သက်ဆိုင်ရာနိုင်ငံရဲ့ တုံ့ပြန်ချက်များကိုလည်း ထည့်သွင်းဖော်ပြခြင်း မရှိကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrew က လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အစီရင်ခံ တင်ပြခဲ့ပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဆိုးရွားနေကြောင်း၊ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁,၁၀၀ ကျော်ရှိကြောင်း၊ သေဆုံးသူထဲမှာ အသက် ၁၄ လကနေ ၁၇ နှစ်အရွယ် ကလေး ၇၅ ဦးပါဝင်ကြောင်း၊ ဖမ်းဆီးခံထားရသူ ၈,၀၀၀ ကျော်ရှိကြောင်း ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၂၃၀,၀၀၀ ကျော်ရှိပြီး စုစုပေါင်း ပြည်တွင်း အိုးမဲ့အိမ်မဲ့ အရေအတွက်ဟာ ၅၀၀,၀၀၀ ခန့်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ သူတို့ဖမ်းဆီးလိုသူများကို မမိပါက မိသားစုနဲ့ ဆွေမျိုးသားချင်းများကို ပြန်ပေးဆွဲ ဖမ်းဆီးထားကြောင်း၊ ဖမ်းဆီးခံထားရသူ ၁၇၇ ဦးရှိကြောင်း အစီရင်ခံ ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)








XS
SM
MD
LG