သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ပြည်တွင်းစစ်ကြီးဖြစ်မလာရေး တားဆီးဖို့ လူ့အခွင့်အရေးမဟာမင်းကြီး တိုက်တွန်း


စစ်ကြောင့် မီးလောင်ပျက်စီးသွားတဲ့ ထန်တလန်မြို့
စစ်ကြောင့် မီးလောင်ပျက်စီးသွားတဲ့ ထန်တလန်မြို့

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်တဲ့ အခြေအနေမရောက်အောင် အရေးတကြီး တားဆီးဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Michelle Bachelet ကပြောကြားလိုက်ပါတယ်။ Switzerland နိုင်ငံ Geneva မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၄၈ ကြိမ်မြောက်အစည်းအဝေးမှာ ကော်မရှင်နာမင်းကြီး Bachelet က မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာတင်ပြစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

"လက်နက်ကိုင် ခုခံစစ်ပွဲတွေ ပေါ်ပေါက်နေတာကနေ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပွဲကြီးဖြစ်လာနိုင်တဲ့ စိုးရိမ်စရာဖြစ်နေပြီ" လို့ိ ပြောသွားတာဖြစ်ပါတယ်။ ဒါကြောင့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ပြဿနာမှာ ပတ်သက်နေတဲ့ အဖွဲ့အားလုံးပါဝင်တဲ့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာရေးကို လုံခြုံရေးကောင်စီအနေနဲ့ တက်တက်ကြွကြွ ထောက်ခံပံ့ပိုးပါလို့ သူက တိုက်တွန်းခဲ့ပါတယ်။

အာဆီယံက ကြိုးပမ်းဆောင်ရွက်နေတဲ့ကိစ္စကိုလည်း သြဇာညောင်းတဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက အရေးပေါ် ဝိုင်းဝန်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ သူကပြောပါတယ်။ စစ်အာဏာသိမ်းမှု အဆုံးသတ်ရေးနဲ့ အကြမ်းဖက်မှုတွေ ထိမ်းမနိုင် သိမ်းမရဖြစ်နေတာကို ရပ်နိုင်ဖို့အတွက် စွဲဆောင်တဲ့နည်း၊ ဒဏ်ခတ်တဲ့နည်းတွေသုံးသင့်တယ်လို့ ကော်မရှင်နာမင်းကြီး Bachelet က အကြံပြုခဲ့ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ခွင့်ဆုံးရှုံးနေတာအပါအဝင် လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေ ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကို မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီကို သူက ဒီနေ့တင်ပြခဲ့တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကနေ ဇူလိုင်လလယ်အထိ အခြေအနေကိုတင်ပြတဲ့ အစီရင်ခံစာထဲမှာ စစ်တပ်က လူသားထုအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ရာရောက်တယ်လို့ ပြောနိုင်တဲ့ကိစ္စတွေလည်း ပါဝင်ပါတယ်။

အခြေခံအခွင့်အရေးတွေ အကြီးအကျယ် ဖိနှိပ်ခံနေရတာနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပွဲတွေ ဆက်ရှိနေတဲ့အပြင် လက်နက်ကိုင် ခုခံစစ်ပွဲတွေလည်း ပေါ်ပေါက်လာတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးက ပြောပါတယ်။
စစ်တပ်ဘက်ကလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်တယ်လို့ထင်ရတဲ့ ကျေးရွာတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်နေတဲ့အတွက် အများအပြား အိုးအိမ်စွန့်ပစ် ထွက်ပြေးနေရတဲ့ အခြေအနေကိုလည်း လူ့အခွင့်အရေးကောင်စီမှာ တင်ပြသွားပါတယ်။

လက်နက်ကိုင် တိုက်ခိုက်နေကြသူတွေအားလုံးအနေနဲ့ လူ့အခွင့်အရေးကို လေးစားဖို့နဲ့၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်ဖက်နဲ့ဆိုင်တာတွေကို ကာကွယ်ပေးဖို့လည်း ပန်ကြားခဲ့ပါတယ်။ လူသားချင်းစာနာတဲ့ အကူအညီတွေပေးနိုင်ဖို့ စစ်တပ်အပြင် တခြားသက်ဆိုင်နေတဲ့ အဖွဲ့တွေအားလုံးက အကန့်အသတ်မရှိ ခွင့်ပြုဖို့အတွက်ကိုလည်း လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Michelle Bachelet က လူ့အခွင့်အရေးကောင်စီမှာ ဒီနေ့ စက်တင်ဘာ ၂၃ ရက်မှာ တင်ပြပြောကြားခဲ့ပါတယ်။

...................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)







XS
SM
MD
LG