သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုယ်စားပြုမှုဆုံးဖြတ်မယ့် ကုလကော်မတီဝင်များခန့်အပ်မည်


ကုလသမဂ္ဂ ညီလာခံတရပ်ကျင်းပစဉ် (ဓာတ်ပုံ - AFP)
ကုလသမဂ္ဂ ညီလာခံတရပ်ကျင်းပစဉ် (ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို ဒီကနေ့ စတင်ကျင်းပမှာဖြစ်ပြီး အစီအစဉ်တွေထဲမှာ Credential Committee လို့ခေါ်တဲ့ ကုလသမဂ္ဂကိုယ်စားလှယ် စိစစ်လက်ခံရေးကော်မတီမှာပါမယ့် အဖွဲ့ဝင်နိုင်ငံတွေကို ခန့်ထားဖို့လည်း ပါဝင်ပါတယ်။
ဒီကော်မတီအနေနဲ့ မြန်မာနဲ့ တခြားနိုင်ငံတချို့ရဲ့ ကုလသမဂ္ဂ ကိုယ်စားပြုမှုကို ဆွေးနွေး ရွေးချယ်ပြီးတော့ အထွေထွေညီလာခံကို တင်ပြရမှာဖြစ်ပါတယ်။

ကော်မတီမှာ အဖွဲ့ဝင် ၉ နိုင်ငံပါဝင်ပြီး ဥက္ကဋ္ဌအဖြစ် ဆွီဒင်နိုင်ငံက ဆောင်ရွက်မှာဖြစ်ပြီးတော့ ဘူတန်၊ ဘာဟားမားစ်၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီအဲရာ လီယွန်၊ တောင်အာဖရိကနဲ့ အမေရိကန်ပြည်ထောင်စုတို့က ကော်မတီဝင်နိုင်ငံတွေအဖြစ် ပါဝင်ကြမှာပါ။

လက်ရှိမှာ မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းပဲ ဆက်ရှိနေပြီး စစ်ကောင်စီဘက်က ဝါရှင်တန် ဒီစီမှာရှိတဲ့ စစ်သံမှူး ဗိုလ်မှူးကြီးအောင်သူရိန်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် အသိအမှတ်ပြုဖို့ အမည်တင်သွင်းထားပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး လက်ရှိအထွေထွေညီလာခံအတွင်းမှာ ဆုံးဖြတ်ချက် ထွက်လာမှာလားဆိုတာကတော့ အတိအကျ မသိရသေးပါဘူး။

ဒါပေမယ့်လည်း မြန်မာနိုင်ငံ ကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး Credential Committee ထဲမှာ ဆွေးနွေးမယ့်အစီအစဉ်ကို နိုဝင်ဘာလအထိ ရွှေ့ဆိုင်းထားမယ့်အလားအလာရှိတယ်လို့ သံတမန်အသိုင်းအဝိုင်းနဲ့ တက်ကြွလှုပ်ရှားသူအဖွဲ့အစည်းတွေက သတင်းရင်းမြစ်တွေကို ကိုးကားပြီး Foreign Policy မဂ္ဂဇင်းရဲ့ မနေ့က အွန်လိုင်း သတင်းဆောင်းပါးတပုဒ်မှာ ရေးထားပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ ပူးပေါင်းပြီးတော့ နောက်ကွယ်မှာ ဆွေးနွေးညှိနှိုင်းပြီး ဒီသဘောတူညီချက်ကို ရခဲ့တာဖြစ်ပြီးတော့ ဥရောပသမဂ္ဂ (EU) နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပြင် ရုရှားနိုင်ငံကပါ အလွတ်သဘော ထောက်ခံထားတယ်လို့ Foreign Policy မဂ္ဂဇင်းမှာ ရေးထားပါတယ်။

အဲဒီသတင်းအတိုင်း မှန်မယ်ဆိုရင်တော့ ဦးကျော်မိုးထွန်းအနေနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး ဘယ်လို ရှေ့ဆက်လုပ်ဆောင်ကြမယ်ဆိုတာနဲ့ ပတ်သက်လို့ နိုင်ငံတကာ စေ့စပ်ညှိနှိုင်းမှုတွေ ရှိနေတယ်ဆိုတာကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းတာမှာ ဦးကျော်မိုးထွန်းက အတည်ပြုခဲ့ပြီးတော့ အထွေထွေညီလာခံမှာ သူ မိန့်ခွန်းပြောမယ့်အစီအစဉ် ဖြစ်မလာဖို့များတယ်လို့ ပြောခဲ့တဲ့အကြောင်းလည်း Foreign Policy မဂ္ဂဇင်းက ရေးထားပါတယ်။
ဒီသတင်းသာမှန်မယ်ဆိုရင် ဒါဟာ အာဏာသိမ်း စစ်ကောင်စီအတွက် သံတမန်ရေးအရ အထိနာချက်တခု ဖြစ်လိမ့်မယ်လို့လည်း Foreign Policy မဂ္ဂဇင်းရဲ့ သတင်းဆောင်းပါးမှာ ကောက်ချက်ချထားပါတယ်။

.............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)








XS
SM
MD
LG