အိန္ဒိယ-တရုတ် နယ်စပ်ကင်းလှည့်မှု သဘောတူညီမှုရ (အိန္ဒိယနိုင်ငံခြားရေးဌာန)

အိန္ဒိယ-တရုတ်နယ်စပ်မြို့ Bumla မှာ အိန္ဒိယအလံကိုင်ထားတဲ့ အိန္ဒိယမိန်းကလေးတဦးရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။

အိန္ဒိယနဲ့တရုတ်တို့ကြား အငြင်းပွါးနေတဲ့ ဟိမဝန္တာဒေသကနယ်စပ်ဒေတလျှောက် စစ်တပ်ကင်းလှည့်မှု ဆိုင်ရာသဘောတူညီချက်တခု ရရှိခဲ့တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဌာနက တနင်္လာနေ့မှာ ပြောပါတယ်။

ဒီသဘောတူညီချက်ကနေ ၂ နိုင်ငံကြားက သတ်မှတ်မျဉ်း LAC (Line of Actual Control) တဝိုက် နှစ်ဖက် တပ်တွေ ဆက်မတိုက်ဖို့ ဖြစ်လာနိုင်တယ်လို့လည်း နိုင်ငံခြားရေးအတွင်းဝန် Vikram Misri က ပြောပါတယ်။ ဒါဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အိန္ဒိယနဲ့တရုတ် နှစ်နိုင်ငံကြား သံတမန်ရေး အရရော စစ်ရေးအရပါ အကြိမ်များစွာညှိနှိုင်းခဲ့ပြီးရခဲ့တဲ့ရလဒ်ဖြစ်ကြောင်းလည်း ပြောပါတယ်။ အိန္ဒိယနဲ့တရုတ်တို့ကြား ဟိမဝန္တာဒေသမှာ ရှည်လျားတဲ့နယ်နိမိတ်ရှိနေတာ ဖြစ်ပါတယ်။ အခုလို သဘောတူညီချက်ဟာ ၂၀၂၀ က နှစ်နိုင်ငံတပ်တွေ ပဋိပက္ခဖြစ်ပြီးကတည်းက ဒီနယ်စပ်မှာချထားတဲ့သောင်းနဲ့ချီတဲ့ နှစ်ဘက်တပ်တွေ ပြန်ဆုတ်ပေးဖို့ ရှိမရှိတော့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ထုတ်မပြောပါဘူး။

အခု ကြေညာချက်ဟာ တရုတ်နဲ့အိန္ဒိယပါဝင်တဲ့ ရုရှားမှာကျင်းပမယ့် BRICS ထိပ်သီးညီလာခံ မတိုင်ခင် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒေသတွင်းသတင်းတွေမှာတော့ ဒီညီလာခံမှာ တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရိန်ဒရာ မိုဒီတို့ သီးသန့်တွေ့ဆုံဖို့ ရှိကြောင်း ပြောပါတယ်။ တရုတ်အစိုးရကတော့ အိန္ဒိယရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ၂၀၂၀ ပဋိပက္ခအတွင်း အိန္ဒိယစစ်သား ၂၀ ထက်မနည်းသေဆုံးခဲ့ရသလိုတရုတ်ဘက်က တပ်သား ၄ ဦး သေဆုံးခဲ့တဲ့နောက် နှစ်ဖက် နယ်စပ်အခြေအနေတင်းမာနေတာ အခုချိန်အထိ ဖြစ်ပါတယ်။ ဒီနယ်စပ်မှာ နှစ်နိုင်ငံစလုံးက တပ်သားသောင်းနဲ့ချီချထားသလို တင့်ကားတွေနဲ့ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့အပြင် ဂျက် တိုက်လေယာဉ်တွေပါရှိနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယ-တရုတ် နယ်စပ်ကင်းလှည့်မှု သဘောတူညီမှုရ (အိန္ဒိယနိုင်ငံခြားရေးဌာန)