အာဆီယံနဲ့ စီးပွားရေးတိုးချဲ့မှု အရေးပါကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးပြော

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj (ဝဲ) နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi

အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ စီးပွားရေး တိုးချဲ့လုပ်ဆောင်မှုဟာ အိန္ဒိယရဲ့ “အရှေ့နဲ့ လက်တွဲ လုပ်ဆောင်ရေး Act East မူဝါဒ” အတွက် အရေးကြီးကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး Sushma Swaraj က စနေနေ့မှာ ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံ-အိန္ဒိယ သုတေသီအဖွဲ့များ ကွန်ယက်ရဲ့ ၅ ကြိမ်မြောက်ဆွေးနွေးပွဲမှာ ဝန်ကြီး Swaraj က အဲဒီလိုပြောတာပါ။
ဝန်ကြီး Swaraj ဟာ သူ့ရဲ့ သုံးနိုင်ငံခရီးစဉ်အတွင်း ဒုတိယမြောက် ခရီးတထောက်နိုင်ငံ အဖြစ် အင်ဒိုနီးရှားကို ရောက်နေတာဖြစ်ပြီး အိန္ဒိယနဲ့ အာဆီယံအကြား ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကိစ္စနဲ့ ရေကြောင်းသွားလာမှု ကိစ္စတွေမှာ တူညီတဲ့ အမြင်တွေကို ဖလှယ်ကြဖို့ကိုလဲ တိုက်တွန်းပါတယ်။

အိန္ဒိယနိုင်ငံဟာ အာဆီယံအဖွဲ့နဲ့ အနီးကပ်ဆုံး လက်တွဲလုပ်ဆောင်သွားဖို့ မျှော်လင့်ထား ကြောင်းလဲ ပြောပါတယ်။

အာဆီယံအထွေထွေအတွင်းရေးမှူး Lim Jock Hoi နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Swaraj နဲ့ ညီလာခံမတိုင်ခင် သီးခြားဆွေးနွေး ကြပါတယ်။

အိန္ဒိယမှာ 'Look East' အရှေ့မျှော်မူဝါဒ ချမှတ်ခဲ့ပြီးနောက်ပိုင်း အာဆီယံနိုင်ငံတွေဟာ အိန္ဒိယအတွက် အရေးပါလာပါတယ်။ ဝန်ကြီးချုပ် မိုဒီ လက်ထက်မှာတော့ Look East မူဝါဒကနေ Act East မူဝါဒအဖြစ် ပြောင်းလဲ ကျင့်သုံးတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

အာဆီယံနဲ့ စီးပွားရေးတိုးချဲ့မှု အရေးပါကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးပြော