(Zawgyi / Unicode)
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ COVID-19 ကူးစက်နှုန်း တက်လာပြီးတဲ့နောက် သီတင်းပတ်ကုန်ရက် အပြင်မထွက်ရ ကန့်သတ်ချက်ကြောင့် မြို့တော်တဝန်း ဒီကနေ့ စနေနေ့မှာ လူသူကင်းမဲ့နေပါတယ်။
သောကြာနေ့က နယူးဒေလီမှာ Omicron ကူးစက်သူ ၄၈ ယောက် အပါအဝင် ကိုဗစ်ကူးစက်သူ ၁၇,၀၀၀ ကျော်ထိ ရှိခဲ့ပါတယ်။ ဒီကနေ့မှာ ကူးစက်သူ အရေအတွက် ၂၀,၀၀၀ ထိ ရောက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ မြို့တော်မှာ ကိုဗစ်ကူးစက်နှုန်းဟာ ၁၇ ဒသမ ၇၃ ရာခိုင်နှုန်းအထိ တက်လာတာကြောင့် အတော့်ကို စိုးရိမ်ဖွယ် ဖြစ်နေတာပါ။
သီတင်းပတ်ကုန် အပြင်မထွက်ရ ကန့်သတ်ကာလအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့ မရှိမဖြစ် ဝန်ဆောင်လုပ်ငန်းတွေ ဖွင့်ထားပေမယ့် ဘတ်စ်ကားနဲ့ ရထားတွေ ထွက်တဲ့အကြိမ် နည်းတာကြောင့် ခရီးသွားတွေ အခက်တွေ့ကြရပါတယ်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာလည်း ဒီကနေ့ ကိုဗစ်ကူးစက်သူ ၁,၂၀၀ ကျော် ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၁ ရက်နေ့ကတည်းကဆိုရင် အများဆုံးအရေအတွက် ကူးစက်တာဖြစ်တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ဂျပန်နိုင်ငံမှာ COVID-19 ရောဂါကူးစက်နှုန်း တိုးနေပြီး ရောဂါကူးစက်မှု ပိုများလာစေတဲ့ အဓိကဒေသသုံးခုမှာ ကန့်သတ်ချက်တွေ ပိုပြီး ချမှတ်ထားပါတယ်။ အဲဒီဒေသသုံးခုဟာ အမေရိကန် စစ်အခြေစိုက်စခန်းတွေရှိတဲ့ ဒေသတွေ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံမှာတော့ ဒီကနေ့ ကိုဗစ်ကူးစက်သူ အရေအတွက်ဟာ Omicron ကိုဗစ်ဗီဇမျိုးကွဲ စပျံ့ခဲ့ချိန်ကတည်းကဆိုရင် ပထမဆုံးအကြိမ်အဖြစ် ၁ သိန်းကျော်ထိ ရောက်သွားပါတယ်။ သောကြာနေ့က ကူးစက်သူ ၇၈,၀၀၀ ကျော်ပဲ ရှိခဲ့တာကနေ ဒီကနေ့မှာ ၁၁၆,၀၀၀ ကျော်ထိ ရှိခဲ့တာပါ။ ကူးစက်သူ ၁ သိန်းနီးပါးဟာ လူဦးရေအထူထပ်ဆုံး ပြည်နယ်တွေဖြစ်တဲ့ ဗစ်တိုးရီးယားနဲ့ New South Wales ပြည်နယ်တွေမှာဖြစ်ပြီး ဗစ်တိုးရီးယားပြည်နယ်ထဲက မဲလ်ဘုန်းမြို့ဟာ Australia Open တင်းနစ်ပြိုင်ပွဲ ကျင်းပမယ့်မြို့ဖြစ်ပါတယ်။
Your browser doesn’t support HTML5
----------------------
(Unicode)