မူဆလင် အများစု နေထိုင်ရာ ကက်ရှမီးယား ဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အိန္ဒိယက ရုပ်သိမ်းတဲ့ အပေါ် ဆန္ဒပြပွဲတွေ ဖြစ်လာမှာကို စိုးရိမ်တာကြောင့် မူဆလင်တို့ရဲ့ Eid al-Adha ပွဲတော်က တနလာၤနေ့မှာ စတင်မယ့် အချိန်မှာ အိန္ဒိယ အာဏာပိုင်တွေဘက်က ကက်ရှမီးယား ဒေသမှာ စစ်တပ်ကို တင်းတင်းကျပ်ကျပ် ချထားမယ်လို့ ယူဆထားကြပါတယ်။
အိန္ဒိယ ထိန်းချုပ်တဲ့ ကက်ရှမီးယား ဒေသကို နှစ်ပေါင်းများစွာ ပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဟိန္ဒူ အများစု အိန္ဒိယ အစိုးရက ရုပ်သိမ်းပြီး ပြည်ထောင်စု အစိုးရက အပြည့်အ၀ ထိန်းချုပ်ခွင့် ပေးလိုက်တဲ့ ပြီးခဲ့တဲ့ တနလာၤနေ့ ကတည်းက ဒေသမှာ လုံခြုံရေး ပိတ်ဆို့ထားတာပါ။
တနင်္ဂနွေနေ့ မနက်ပိုင်းမှာတော့ အာဏာပိုင်တို့က ကန့်သတ် တားမြစ်ချက် တချို့ကို ဖြေလျှော့ပေးခဲ့ပေမယ့် အဓိက မြို့ Srinagar မှာ တင်းမာတဲ့ အခြေအနေမျိုး ထွက်ပေါ်လာပြီး နောက် နေ့ခင်းပိုင်းမှာ ပြန်ပြီး တင်းကျပ်ခဲ့တာပါ။ မူဆလင်တို့ရဲ့ ဘာသာရေးဆိုင်ရာ အားလပ်ရက် Eid al-Adha ပွဲတော် အတွင်း လူစုလူဝေး လုပ်တာကို တားမြစ်ဖို့ အတွက် တနလာၤနေ့မှာ လုံခြုံရေး တင်းကြပ်မယ်လို့ ခန့်မှန်းတဲ့ အကြောင်း Srinagar မြို့က သတင်းရင်းမြစ်တွေက AFP ကို ပြောပါတယ်။
တနင်္ဂနွေနေ့မှာ လူ ၅၀၀ လောက် ဆန္ဒပြခဲ့ပြီး အနည်းငယ် ဒဏ်ရာရခဲ့တဲ့ သတင်းတွေလည်း ရှိနေပါတယ်။ အကြမ်းဖက်မှုတွေ မဖြစ်ခဲ့ဘူးလို့ အိန္ဒိယ အာဏာပိုင်တွေ ဘက်ကတော့ အလေးထား ပြောဆိုနေပါတယ်။ ကက်ရှမီးယား ဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းလိုက်တာကြောင့် ဆယ်စုနှစ် သုံးခုကြာ အိန္ဒိယ အုပ်ချုပ်ရေး ကို လက်နက်ကိုင် ပုန်ကန်မှုတွေ တိုးများလာပြီး ဒေသတွင်း မတည်မငြိမ် ဖြစ်စေနိုင်တယ်လို့ ဒေသ ဆိုင်ရာ ခေါင်းဆောင်တွေက သတိပေးထားပါတယ်။
Your browser doesn’t support HTML5