အိန္ဒိယနဲ့ ဆွေးနွေးဖို့ ပါကစ္စတန်ဝန်ကြီးချုပ် ကမ်းလှမ်း

အိန္ဒိယဝန်ကြီးချုပ် Narendra Modi (ဝဲ) နဲ့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan (ယာ)

အိန္ဒိယနဲ့ ပါကစ္စတန် နှစ် နိုင်ငံကြား သဘောထားကွဲလွဲမှုတွေကို ညှိနှိုင်းဖို့ ဆွေးနွေးလိုကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဆီ စာတစောင် ရေးသားလိုက်ပါတယ်။

Modi အိန္ဒိယ ဝန်ကြီးချုပ်အဖြစ် ဒုတိယသက်တမ်း ထပ်မံအရွေးခံရတဲ့အတွက် ဝမ်းမြောက်ကြောင်း သောကြာနေ့တုန်းက ပေးပို့တဲ့ စာထဲမှာ ပါကစ္စတန်ဝန်ကြီးချုပ် Khan က ရေးသားခဲ့ပြီး အငြင်းပွားဖွယ် Kashmir ဒေသအရေးနဲ့ ဆက်စပ်နေတဲ့ ကိစ္စအပါအဝင် ပြဿနာအားလုံးကို ဖြေရှင်းလိုကြောင်း Khan က ရေးသားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

ဆင်းရဲမွဲတေမှုကို ကူညီဖြေရှင်းဖို့နဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် နှစ် နိုင်ငံ ဆွေးနွေးညှိနှိုင်းပြီး ဖြေရှင်းမှ ဖြစ်မယ်လို့ Khan က ထည့်သွင်းရေးသားထားပါတယ်။ တောင်အာရှဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ပါကစ္စတန်က လိုလားကြောင်း ဒါမှ ဒီဒေသတခုတခုလုံး တိုးတက်နိုင်မယ်လို့လည်း သူက ထည့်ရေးထားပါတယ်။

နောက်တပတ်မှာ Kyrgyzstan မြို့တော် Bishkek မှာ ကျင်းပမယ့် Shanghai Cooperation Organization (SCO) အစည်းအဝေးမှာ ပါကစ္စတန်ဝန်ကြီးချုပ် Khan နဲ့ အိန္ဒိယဝန်ကြီးချုပ် Modi က တွေ့ဖို့ အစီအစဉ်မရှိဘူးလို့ အိန္ဒိယတာဝန်ရှိသူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှာလဲ ဆွေးနွေးဖို့ ကမ်းလှမ်းချက်တွေကို အိန္ဒိယက ငြင်းဆန်ခဲ့ပြီး တွေ့ဆုံဆွေးနွေးတာတွေ မလုပ်ခင် နယ်စပ်က တိုက်ခိုက်မှုတွေ ရပ်ဖို့ ပြောဆိုထားတာပါ။

Your browser doesn’t support HTML5

အိန္ဒိယနဲ့ ဆွေးနွေးဖို့ ပါကစ္စတန်ဝန်ကြီးချုပ် ကမ်းလှမ်း