ဝန်ကြီးချုပ်မိုဒီရဲ့ ညွန့်ပေါင်းအစိုးရ တတိယသက်တမ်းအုပ်ချုပ်ခွင့်ရ 

အိန္ဒိယနိုင်ငံမှာ သီတင်း (၆) ပတ်ကြာကျင်းပခဲ့တဲ့ အိန္ဒိယရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ Bharatiya Janata Party (BJP) ပါတီက ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (NDA) အင်အားစုတွေက လွှတ်တော်မှာ နေရာအနည်းငယ်အသာနဲ့ အများစု အနိုင်ရခဲ့ပါတယ်။

ဒါကြောင့် မိုဒီဟာ တတိယအကြိမ်မြောက် ညွန့်ပေါင်းအစိုးရသစ်ကို တရားဝင် ဦးဆောင်ခွင့်ရသွားပါတယ်။ BJP ပါတီနဲ့ မဟာမိတ်တွေဟာ အောက်လွှတ်တော်မှာ ရွေးကောက်ခံ ၅၄၃ နေရာအနက် ၂၉၄ နေရာ ရရှိခဲ့တာပါ။ ဒီအရေအတွက်ဟာ အတိုက်အခံတွေရဲ့ ပြင်းပြင်းထန်ထန် စိန်ခေါ်လာနိုင်မှုနဲ့အတူ အာဏာရ BJP ပါတီရဲ့ အနိုင်ရယူနိုင်တဲ့ နေရာအရေအတွက် သိသိသာသာကျဆင်းခဲ့တာကို ပြသနေပါတယ်။ BJP ပါတီအနေနဲ့ အမတ်နေရာ ၂၄၀ ကိုပဲအနိုင်ရရှိခဲ့ပြီး တပါတီတည်း အစိုးရ ဖွဲ့ဖို့ လိုအပ်တဲ့ ၂၇၂ နေရာကို မရခဲ့ပါဘူး။

ဒါဟာ ၂၀၁၉ ခုနှစ်တုန်းက အနိုင်ရရှိခဲ့တဲ့ ၃၀၃ နေရာထက် အများကြီးကျဆင်းသွားတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆယ်စုနှစ်တခုကြာ အာဏာရယူထားတဲ့ ဝန်ကြီးချုပ်မိုဒီဟာ အစိုးရဖွဲ့နိုင်ဖို့အတွက်ကို မဟာမိတ်ပါတီတွေကိုအားကိုးခဲ့ရပြီး ဒါဟာ သူ့အပေါ် လူထုထောက်ခံနှစ်သက်မှုလျော့နည်းလာတာကို ထင်ဟပ်စေပါတယ်။ ရွေးကောက်ပွဲရလဒ်တွေ တရားဝင်ဖြစ်ပြီး မိုဒီ ရဲ့ X လူမှုကွန်ရက်က ကြေညာချက်ထဲမှာတော့ "လူထုက NDA ကို တတိယအကြိမ်ဆက်တိုက်ယုံကြည်ခဲ့ကြပြီး ဒါဟာ အိန္ဒိယရဲ့ သမိုင်းဝင် စွမ်းဆောင်မှုတခု” လို့ ကြွေးကြော်ပါတယ်။

“လူထုရဲ့ဆန္ဒတွေကို ဆက်ပြီးဖြည့်ဆည်းနိုင်ဖို့ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း လုပ်ခဲ့တဲ့ အလုပ်ကောင်းတွေကို ဆက်ပြီးလုပ်ဆောင်သွားမယ်” လို့လည်း မိုဒီက အာမခံပါတယ်။ ဒါပေမယ့် အရင်တုန်းက အစိုးရဖွဲ့ဖို့ကို သူ့စိတ် တသဘောထားတည်းနဲ့ အမြဲတမ်းခေါင်းဆောင်နေရာကလုပ်ခဲ့တဲ့ မိုဒီအတွက် အခုတကြိမ်မှာ မဟာမိတ်တွေနဲ့ လက်တွဲလုပ်ကိုင်ရမှာဖြစ်လို့ စိန်ခေါ်မှုတွေရှိနေတယ်လို့ အိန္ဒိယနိုင်ငံရေး လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

Your browser doesn’t support HTML5

ဝန်ကြီးချုပ်မိုဒီရဲ့ ညွန့်ပေါင်းအစိုးရ တတိယသက်တမ်းအုပ်ချုပ်ခွင့်ရ