Instagram - ဖေ့စ်ဘုတ်ကနေ ခွဲထွက်မည်

Instagram ဖန်တီးခဲ့သူ တယောက်ဖြစ်တဲ့ Kevin Systrom

ကမ္ဘာကျော် Instagram အင်တာနက်လူမှုကွန်ယက်ကို Facebook ကုမ္ပဏီက ပိုင်တာပါ။ အခုတော့ Instagram ကိုဖန် တီးထူထောင်ခဲ့သူတွေက Facebook ကုမ္ပဏီကနေနုတ်ထွက်တော့မယ်လို့ တနင်္လာနေ့ကပဲကြေညာခဲ့ပါတယ်။ သူတို့ ကိုယ်ပိုင်လုပ်ငန်းသီးသန့်ထူထောင်ဖို့ ကြိုးပမ်းသွားမယ်လို့ဆိုပါတယ်။

Facebook ကုမ္ပဏီရဲ့အကြီးအကဲ Mark Zuckerberg နဲ့ Instagram ဖန်တီးခဲ့သူတွေဖြစ်ကြတဲ့ Kevin Systrom နဲ့ Mike Krieger တို့အကြားမှာ တင်းမာမှုတွေရှိ နေတယ်လို့ ကောလာဟလတွေထွက်လာပြီးနောက်ပိုင်း အခုလိုနုတ်ထွက်မှုဖြစ်လာတာပါ။

အခုတလောFacebook ကုမ္ပဏီအနေနဲ့ နာမည်ပျက်မယ့်အခြေအနေတွေကြုံနေရတာပါ။ ပြီးခဲ့တဲ့အမေရိကန် သမ္မတရွေးကောက်ပွဲမှာ Facebook ကိုသုံးပြီး ဝင်ရောက်နှောက်ယှက်ခဲ့တာတွေရှိတယ်၊ သတင်းမှားတွေကို ဖြန့်ချီတယ်၊ အစွန်းရောက်သမားတွေရဲ့ ဝါဒဖြန့်တဲ့ နေရာဖြစ်တယ်၊ စသဖြင့် အပြစ်တင်ဝေဖန်ခံနေရတာပါ။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးလည်း ရိုဟင်ဂျာမူဆလင်တွေအပေါ် အမုန်းပွါးစေမယ့်ရေးသားဖေါ်ပြမှုတွေကို Facebook မတားဆီးခဲ့ဘူးဆိုပြီးအပြစ်တင်ခံခဲ့ရပါသေးတယ်။ Instagram အင်တာနက်လူမှုကွန်ယက်ဟာ အထူးသဖြင့်ဓါတ်ပုံတွေအချင်းချင်းဖလှယ်နိုင်အောင်ဖန်တီးထားတဲ့ Application တခုပါ။ Kevin Systrom နဲ့ Mike Kriegerတို့၂ဦးဟာ ၂၀၁၀ခုနှစ်တုန်းက ဆန်ဖရန်စ္စကိုမြို့က ကားဂိုဒေါင်တခုမှာ Instagram ကိုစတင်ထူထောင်ခဲ့ကြတာဖြစ်ပြီး ၂နှစ်အကြာမှာ ဝန်ထမ်း၁၃ဦးနဲ့ သုံးစွဲသူ သန်း၃၀ရှိလာခဲ့ပါတယ်။ သူတို့ ၂ဦးက Instagramကို ဒေါ်လာ ၇၁၅သန်းနဲ့ Facebook ကုမ္ပဏီကိုရောင်းခဲ့တာပါ။

Your browser doesn’t support HTML5

Instagram - ဖေ့စ်ဘုတ်ကနေ ခွဲထွက်မည်