စစ်ကောင်စီစခန်း ၁၃ ခုထက်မနည်း KIA သိမ်းပိုက်

  • ဇော်ဝင်းလှိုင်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်သားတချို့ကို လိုင်ဇာမြို့တနေရာမှာတွေ့ရစဉ် (၂၀၁၃ ခုနှစ်)

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းတလျောက်မှာ ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ၂ ရက်တာတိုက်ပွဲအတွင်း KIA က စခန်းကြီး ၄ ခုလောက် အပါအဝင် စခန်းပေါင်း ၁၀ ခုကျော်လောက် သိမ်းယူခဲ့ပါတယ်။ တဆက်တည်းမှာတော့ စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည်ဟာ တရုတ်နိုင်ငံအတွင်း ကျရောက်တာတွေရှိကြောင်း KIA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒေသခံတွေကတော့ ဒေါ့ဖုန်းယန် အခြေစိုက် ခလရ ၁၄၂ စခန်းကို သိမ်းယူလိုက်ကြောင်း ပြောပေမဲ့ KIA က အတည်မပြုသေးပါဘူး။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး ကိုဇော်ဝင်းလှိုင် က ပြောပြပါမယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်အတွင်း မြစ်ကြီးနား-ဗန်းမော်ကားလမ်းတလျောက်က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကြာသပတေးနေ့ မနက်က တပြိုင်တည်း တိုက်ခိုက်ခဲ့တာပါ။ ဒီကနေ့ မနက်ပိုင်းမှာလည်း တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်နေခဲ့ပြီး ၂ရက်တာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်းအချို့ကို သိမ်းယူနိုင်ခဲ့ကြောင်း KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“တိုက်ပွဲက ဆက်ရှိနေပါတယ်။ မနေ့က စခန်းသိမ်းတာရှိပါတယ်။ ဒီနေ့ ဒီမနက်ကတော့ အင်တပ်တောင် စခန်း အင်တပ်ဘွမ်၊ အင်တပ်တောင် စခန်းကိုလည်း မနေ့က ညသန်းခေါင်မှာ သိမ်းလို့ရပါပြီ။ နောက်တခုရှိတာကတော့ မနေ့က တနေကုန် ပစ်နေတဲ့ ဟို မြစ်ကြီးနား ကားလမ်းပေါ်က မလိစခန်း၊ အဲဒါလည်း သူတို့ ထွက်ပြေးသွားပြီးမှ ဒီမနက် ကျနော်တို့ နယ်မြေရှင်းလင်းရေး လုပ်ထားပါပြီ။ နောက်တခုကတော့ အင်လုံခ စခန်း၊ အဲဒါလည်း အကုန်လုံး သိမ်းပိုက်လို့ ရပါပြီ။ စခန်းပေါင်းကတော့ ကာကင်းတွေ ဘာတွေပေါ့ အားလုံးပေါင်းလိုက်လို့ကတော့ ၁၃ခုလောက်ရှိပါပြီ။ ”

စခန်းကြီးတွေအနေနဲ့ လိုင်ဇာအနီးက ဘွမ်ပြန်ဘွမ် စခန်း အပြင် အင်တပ်ဘွမ် စခန်း၊ မလိ စခန်း၊ အင်လုံခ က ပြည်သူ့စစ်စခန်းတို့ ပါဝင်ကြောင်း ပြောပါတယ်။ ဒီကနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီဘက်က လိုင်ဇာမြို့ကို ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ တရုတ်နိုင်ငံဘက်ကို ကျရောက်တာ ရှိကြောင်းနဲ့ ခယာ နဲ့ ဘွမ်ရဲဘွမ် ဘက်ကို လေကြောင်းက တိုက်ခိုက်တာရှိပေမဲ့ လိုင်ဇာကို လေကြောင်းက တိုက်တာမရှိကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ ဒီမနက် ၆နာရီ ၇နာရီ ဝန်းကျင်လောက်မှာပေါ့။ နားဖော့တောင် ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျနော်တို့ လိုင်ဇာမြို့ထဲမှာလည်း တလုံး၊ နှစ်လုံးလောက် ကျတယ်။နောက် တရုတ်ပြည်ဘက်မှာလည်း ၃-၄လုံးလောက် ကျတဲ့ အခြေအနေ ရှိပါတယ်ခင်ဗျ။ လေကြောင်းနဲ့ တိုက်တာတွေလည်းရှိပါတယ်။ ခယာတောင် ဘက်၊ ဘွမ်ရဲတောင် ဘက်တို့ကို လေကြောင်းနဲ့ ပစ်တာ ရှိပါတယ်။ လိုင်ဇာမြို့ထဲမှာတော့ မလာဘူး။ ”

KIA ရှေ့တန်းတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတဦးကတော့ ဒေါ့ဖုန်းယန်မြို့ အခြေစိုက် ခလရ ၁၄၂ စခန်းကို KIA က ဒီကနေ့မနက်ပိုင်းမှာ သိမ်းယူလိုက်ပြီး မိုးမောက်မြို့နယ်အတွင်းမှာ နွမ်လန်း တပ်စခန်းတနေရာမှာသာ တိုက်ပွဲ ဆက်ဖြစ်နေကြောင်း ပြောပါတယ်။

“ အခု ဒေါ့ဖုန်းယန် ၁၄၂လည်း ဒီမနက် သိမ်းလိုက်ပြီ။ ဒေါ့ဖုန်းယန် ၁၄၂ လေ။ ဒီမနက် ၁၀နာရီလောက်မှာ သိမ်းပြီ။ အခု ဗျူဟာမှုးတို့၊ တပ်ရင်းမှုးတို့ ဘာတို့ ဟိုမှာ ဖမ်းပြီးမှ အပေါ်ခေါ်သွားပြီ။ နွမ်လန်း က အခုထိ ပစ်နေတုံးပဲ။ နွမ်လန်း ပဲ လိုတော့တယ်။ အဲဒါပြီးရင်တော့ ပြီးပြီး ဒီတကြောကတော့။ လေယာဉ်က ဒီမနက် ၂ခေါက်လောက်တော့ လာကြဲသွားတယ်။ အခုတောင်မှ ကင်းထောက်လာပြီး အောက်ပြန်ဆင်းသွားပြီ။”

ဗိုလ်မှုးကြီးနော်ဘူကတော့ ဒေါ့ဖုန်းယန် တပ်စခန်း သိမ်းယူတဲ့သတင်း မရရှိသေးကြောင်း ပြောပါတယ်။

“ ပြောတော့ ပြောကြတယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာ မရသေးဘူး။”

KNG ခေါ် ကချင်သတင်းဌာနကတော့ ဒေါ့ဖုန်းယန်အခြေစိုက် ခလရ ၁၄၂က ဒီမနက် ၁၀နာရီလောက်မှာ အလံဖြူထောင်ပြီး လက်နက်ချခဲ့ကြောင်း သတင်းဖော်ပြပါတယ်။

မြစ်ကြီးနား-ဗန်းမော် လမ်းတကြောမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA က ထိုးစစ်ဆင် တိုက်ခိုက်တာကြောင့် လမ်းမကြီးမှာတည်ရှိတဲ့ ကျေးရွာအများအပြားဟာ စစ်ဘေး ရှောင်နေကြရပါတယ်။ ဒေါ့ဖုန်းယန်နဲ့ မြို့သစ်အကြား က ရွာအများစုကတော့ ကားလမ်းမကြီးအနောက်ဖက် မုန်လိုင်ချောင်းဘေးက ကျေးရွာတွေဘက်ကို တိမ်းရှောင်ကြသလို အချို့ကတော့ မိုးမောက်၊ ဗန်းမော်ဘက်ကို တိမ်းရှောင်နေရပါတယ်။
လောလောဆည်မှာ ဗန်းမော်မြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင် ၂ထောင်ကျော်လောက် ရောက်ရှိနေကြောင်း ဗန်းမော်မြို့ခံတဦးက ပြောပါတယ်။

“ မြို့ပေါ်တော့ ပုံမှန်အတိုင်းပဲ သွားလာနေကြတုံးပါပဲ။ ဒါပေမဲ့ နည်းနည်းတော့ မြို့ကတော့ ခြောက်သွားတာပေါ့။ ဒါပေမဲ့ စစ်ရှောင်တွေတော့ တအား များလာတာပေါ့။ ဒီ ကျနော်တို့က စည်ခမ်းကြီးကစပြီးတည်းက ဒီဘက်ထဲ အကုန်ရွှေ့လာကြတာ။ စည်ခမ်းကြီး၊ မံသာ တကြောလုံးက ဒီဘက်ထဲကို ရွှေ့လာကြတာ။ နောက် မြို့သစ်၊ ကုန်းလောအဖွဲ့လည်း ဒီဘက်ထဲ ဗန်းမော်ရောက်လာကြပြီ။ မိုးမောက်နယ်ထဲကဟာ တော်တော်များများ ဒီဘက်ထဲ ရောက်လာကြပြီ။ ဗန်းမော် ဘုန်းကြီးကျောင်းတွေမှာဗျ။ အနည်းဆုံး ၂ထောင်နဲ့ ၃ထောင်ကြား လောက်ကတော့ ရှိတယ်။”

မနေ့ညက ဗန်းမော်အခြေစိုက်စစ်ကောင်စီတပ်က တညလုံး လက်နက်ကြီး ပစ်ခတ်တာတွေ ရှိခဲ့သလို ဗန်းမော်တက္ကသိုလ်ဝန်းအတွင်းက ဆရာနဲ့ ကျောင်းသားတွေကိုလည်း နေရာရွှေ့ပြောင်းခိုင်းပြီး စစ်တပ်က နေရာယူထားကြောင်းနဲ့ ဗန်းမော်လေဆိပ် လက်နက်ကြီးပစ်ခံရပြီးနောက် လေဆိပ်ပိတ်ထားကြောင်းလည်း ပြောပါတယ်။

မနေ့က ဝိုင်းမော်မြို့နယ် အောင်မြေ ၁ အနီး ဖြစ်တဲ့ KIA နဲ့ ဖြစ်တဲ့ တိုက်ပွဲမှာတော့ လီဆူပြည်သူ့စစ် ခေါင်းဆောင် ဦးရွှေမင်း သေဆုံးကြောင်း ဝိုင်းမော်ဒေသခံတွေက ပြောပါတယ်။ KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ ဦးရွှေမင်း သေဆုံးတာမှန်ကန်နိုင်ကြောင်း သာပြောဆိုထားပါတယ်။ ဒီရက်ပိုင်းမှာတော့ ဖားကန်မြို့နယ် တာမခန် ဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို မံစီမြို့နယ်က KIA တပ်ရင်း ၁၂နဲ့ တပ်ရင်း ၂၇ဘက်မှာ တိုက်ပွဲဖြစ်ပွားတာ ရှိကြောင်း KIA ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

လက်ရှိ ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် လမ်းတလျှောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

Your browser doesn’t support HTML5

စစ်ကောင်စီစခန်း ၁၃ ခုထက်မနည်း KIA သိမ်းပိုက်