ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အပြန်အလှန်တိုက်ခိုက်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်သားတချို့ကို လိုင်ဇာမြို့တနေရာမှာတွေ့ရစဉ် (၂၀၁၃ ခုနှစ်)

ကချင်လွတ်လပ်ရေးအဖွဲ့ KIO တည်ထောင်တဲ့ အောက်တိုဘာလ ထဲမှာ စစ်ကောင်စီနဲ့ KIA ကချင်တပ်တွေကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်လာနေတာ ဖြစ်ပြီး ၆၃ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာပဲ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဖားကန့်မြို့ နမ့်မဖြစ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ပါ တုန့်ပြန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း ကချင်ဒေသက စစ်ရေးပဋိပက္ခ အရှိန်ပိုမြင့်လာနေတဲ့ အခြေနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင် က တင်ပြထားပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တည်ထောင်တဲ့ ၆၃ နှစ်ပြည့် မြောက်တဲ့ ကာလအတွင်းမှာ စစ်ကောင်စီနဲ့ KIA အကြား စစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်တက်လာသလို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေခဲ့တာပါ။ အောက်တိုဘာလ ၂၅ ရက်ည ၁၀နာရီဝန်းကျင်မှာတော့ ဖားကန့်မြို့ နမ့်မဖြစ်ရွာ မြန်မာသူရ ကျောက်မျက် ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဖားကန့်ဒေသခံတဦးက ပြောပါတယ်။

“ ကျနော်တို့ကြားတာက နမ့်မဖြစ်က မြန်မာသူရ ဝန်းမှာ ဖြစ်တယ်လို့ ကြားတာ။ မနေ့ညက ၁၀ နာရီ၊ ၁၁ နာရီလား မသိဘူး အဲဒီအချိန်ဖြစ်တာ။ လက်နက်ငယ်လည်း ကြားတယ်။ လက်နက်ကြီးတွေတော့ အဓိက ထုတာပေါ့။ အချက် ၂၀ကျော်လောက်တော့ ရှိတယ်။ ”

အခြားဒေသခံတဦးကလည်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က စခန်းကိုစွန့်ခွာသွားတဲ့နောက် ဒေသတွင်းရှိ ပြည်သူတချို့က ကုမ္ပဏီဝင်းအတွင်းရှိ ကျောက်စိမ်းတွေကို ဝင်ရောက်ယူဆောင်တာ တွေရှိကြောင်းပြောပါတယ်။

“ မနေ့ညက အားလုံး ထွက်ပြေးသွားတာပေါ့။ ထွက်ပြေးသွားတော့ ပြည်သူတွေက အဲဒီဝင်းထဲ ဝင်ပြီးတော့မှ ကျောက်တွေ ဘာတွေ သွားယူတယ်လေ။ ကျောက်တွေဘာတွေ ယူတော့ နေ့လည်ပိုင်းလောက် ရဲတွေ ပြန်ရောက်လာတော့ အားလုံး ပြန်မောင်းထုတ်ထားတာ။”

မြန်မာသူရ ကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် ဦးကျော်သူရဟာ NUG အပါအဝင် အတိုက်အခံ အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့တယ်ဆိုပြီး ၂၀၂၂ခုနှစ် သြဂုတ်လက ဖမ်းဆီးခံထားရသလို သူရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ချိပ်ပိတ်ခံထားရတာ ဖြစ်ပါတယ်။ ဒေသတွင်းသတင်းမီဒီယာတွေမှာတော့ ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံး တာရှိသလို တပ်စွဲထားတဲ့စခန်းနေရာလည်း မီးလောင်ပျက်ဆီးသွားကြောင်း ဖော်ပြကြပါတယ်။ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ဗုဒ္ဓဟူးနေ့ညက ဖားကန့်မှာ တိုက်ပွဲဖြစ်တာ မှန်ကန်ကြောင်း ပြောပေမဲ့ သတင်းအသေးစိတ် မသိရသေးကြောင်း ပြောပါတယ်။

“ ဖားကန့်ဘက်မှာ မနေ့က တိုက်ပွဲဖြစ်တယ်ဆိုတာတော့ ကြားရပါတယ်။ ဒါပေမဲ့ မြေပြင်သတင်းတွေ ပြည့်ပြည့်စုံစုံကတော့ အခုထက်ထိ ကျနော်တို့ဆီမှာ တက်လာတာတော့ မရှိသေးဘူး။ စုံစမ်းနေဆဲပဲဖြစ်ပါတယ်ခင်ဗျ။ ထိခိုက်ကျဆုံးမှုတွေ ဘယ်လိုဖြစ်လာတယ်ဆိုတဲ့ဖြစ်စဉ်တွေကတော့ အခုထက်ထိကတော့ သေသေချာချာ အတည်ပြုပေးလို့တော့ မရသေးဘူး။ ”

ဒီလ ၂၄ရက်နေ့ မနက်ကလည်း မံစီမြို့နယ် အူလန်ပါကျေးရွာအုပ်စုရှိ ကဒေါ်ရွာအခြေစိုက် စစ်ကောင်စီတပ်ကို KIAက သွားရောက်တိုက်ခိုက် သိမ်းယူတဲ့သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဗိုလ်မှုးကြီးနော်ဘူက မံစီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတာရှိပေမဲ့ စခန်းသိမ်းတဲ့ သတင်းကိုတော့ အတည်မပြုနိုင်ကြောင်း တုံပြန်ထားပါတယ်။

“ မံစီဘက်က တိုက်ပွဲအခြေအနေလည်း အဲလိုပါပဲ။ ၂၄ ရက်နေ့မှာ တိုက်ပွဲဖြစ်တာကတော့ မှန်ပါတယ်။ ဒါပေမဲ့ အသေးစိတ်ကတော့ ဖုန်း အဆက်အသွယ်တောင်မှ မရသေးဘူးဖြစ်နေတာ။ အဲဒီဘက်ကလည်း။ ”

ဒီလ ၉ရက်နေ့က ဌာနချုပ်လိုင်ဇာအနီးက မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်မှုနောက်ပိုင်းမှာ KIA က ထိုးစစ်အရှိန်ကို မြှင့်တင်လာနေတာပါ။ ၁၈ရက်နေ့မှာ ကချင်ပြည်နယ် ရွှေကူမြို့နယ် ငါးဘတ်ကြီးစခန်း၊ ၁၉ရက်နေ့မှာ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် မုန်းပေါ်ရွာအနီးက ယိန်းလတောင်စခန်းနဲ့ ၂၀ ရက်နေ့မှာ နမ့်ဆန်ယန်အနီးရှိ လိုင်လွမ်အောင်ဂျာစခန်းတွေကို KIA တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲတွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တပ်မတော် တပ်စခန်းတွေကို KIA က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ရှမ်းမြောက်ဒေသ KIA တပ်မဟာ ၆ကို လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူတွေနဲ့ ပြန်လည်တိုက်ခိုက်တာကြောင့် KIA ရုပ်အလောင်း အချို့သိမ်းယူရခဲ့ကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

KIO တည်ထောင်တဲ့ ၆၃နှစ်ပြည့်နေ့ အခမ်းအနားမှာ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်ကြောင်းနဲ့ စစ်ကောင်စီကို တော်လှန်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေကြောင်း ထည့်သွင်းပြောဆိုထားပါတယ်။

စစ်ကောင်စီဘက်က KIO ဌာချုပ် လိုင်ဇာအနီးကို ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက စတင်ပြီး စစ်အင်အားဖြည့်တင်း နေသလို၊ KIO ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး အင်ဘန်လ မိန့်ခွန်းပါ ပြောကြားချက်ကို ကြည့်ရင် ဒေသတွင်းမှာ စစ်ရေးပဋိပက္ခအရှိန်ဟာ ဆက်လက်မြင့်မားလာမဲ့ အခြေအနေမှာ ရှိနေပါတယ်။