မောင်တော၊ အမ်းနဲ့ ဂွ မှာ AA နဲ့ စစ်ကောင်စီ တိုက်ပွဲပြင်းထန်

မဲတောင်ဗျူဟာကုန်းကို သိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်သည့် မှတ်တမ်းပုံ (အောက်တိုဘာ ၇၊ ၂၀၂၄)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က စစ်ကောင်စီလက်ကျန် တပ်စခန်း နခခ ၅ ကို အာရက္ခတပ်တော် AA က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းကဗုံးကြဲနေပြီး စစ်ရေးပြင်းထန်နေပါတယ်။ အမ်းနဲ့ ဂွမြို့နယ်ဘက်တွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေသလို စစ်ဘေးရှောင်တွေ ဖမ်းဆီးခံနေရပါတယ်။ ရခိုင်စစ်ရေးပဋိပက္ခ နောက်ဆုံးအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကိုအခြေခံပြီး တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောမြို့နယ်တခုလုံးကို AA ဘက်က သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာမှာ နောက်ဆုံးကျန်စစ်တပ်စခန်းဖြစ်တဲ့ နခခ(၅) တပ်စခန်းတခုအပေါ် အာရက္ခတပ်တော်AA က အရှိန်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ ဒီတပ်စခန်းကျသွားရင် မောင်တောမြို့ကို သိမ်းနိုင်ပြီဖြစ်တာမို့ AA ဘက်က တိုက်နေတာ လနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။ အခုနောက်ဆုံး စစ်ရှိန်မြင့်နေတာနဲ့ပတ်သက်လို့ ရခိုင်စစ်ရေးလေ့လာသူက အခုလိုပြောပြပါတယ်။

“မောင်တောဘက်မှာတော့ စစ်ကောင်စီရဲ့ လက်ကျန်မြို့သူကြီး နခခ ၅ အဲဒါကို AA က စခန်းသိမ်းရရှိဖို့အတွက် ထိုးစစ်ဆင်နေတယ်၊ ပထမထိုးစစ်ဆင်တာထက်တော့ တဆနှစ်ဆမြင့်ပြီးတော့ ထိုးစစ်ဆင်နေတဲ့ အနေအထားရှိလို့ စစ်ကောင်စီဘက်ကလည်း ဂျက်ဖိုက် တာတို့ Y12 တို့နဲ့ အကြိမ်ကြိမ် ဗုံးကို ရေတွက်လို့မရအောင် ကြဲတယ် အဲဒီထဲမှာ ပေါင် ၅၀၀ ဗုံးတွေပါတယ်၊သူတို့က စစ်ကူပေးနေတာတော့ အများကြီးရှိတယ်။ လက်ရှိမှာ တော့ နခခ ၅ မှာ တိုက်ပွဲကတော့ အပြင်းထန်ဆုံးဖြစ်နေတယ်။”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်မှာတော့ စစ်ကောင်စီရဲ့ အားထားအရဆုံး ဗျူဟာကုန်းတွေဖြစ်တဲ့ တောဟိန်းတောင်ဗျူဟာကုန်းနဲ့ မဲတောင် ဗျူဟာကုန်းတို့ကို AA ဘက်က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ နပခဌာနချုပ်နဲ့ အနီးအနားမှာရှိတဲ့ ခမရ ၃၇၃ ကိုလည်း AA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

နှစ်ဘက်တိုက်ပွဲတွေက မြို့နားရောက်နေပြီမို့ အမ်းမြို့ခံတွေလည်း စစ်ဘေးလွတ်ရာကို ထွက်ပြေးနေကြတာမှာ တချို့ကို စစ်တပ်က ဖမ်းဆီးနေတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူတဦးက ပြောပါတယ်။ နပခဌာနချုပ်ရှိတဲ့ အမ်း တိုက်ပွဲ ပြင်းထန်နေလို့ အမ်းဒေသခံတွေ ကုန်းလမ်းကရော ကားတွေနဲ့ပါ တိမ်းရှောင်နေတဲ့အခြေအနေနဲ့ ပြေးတဲ့သူတွေကို လမ်းမှာ ဖမ်းဆီးနေတဲ့အခြေအနေကို စစ်ရေးအခြေအနေစောင့်ကြည့်သူက အခုလို ဆက်ပြောပြပါတယ်။

“ နပခဌာနချုပ်ရှိတဲ့ အမ်းမှာ တိုက်ပွဲကတော့ တော်တော့ကို ပြင်းထန်နေတဲ့ အနေအထား ရှိတယ်။ စစ်ဘေးရှောင်ကို ဘယ်ဘက်ကို ထွက်ကြလဲဆိုတော့ အကုန်လုံးဘက် ပေါ့နော်၊ အမ်းနဲ့ ပတ်သတ်တဲ့ အမ်းပဒန်းလမ်းရယ်၊ မအီလမ်းရယ်၊ ဒီဘက်ဆိုတော့ ဒီကမ်း ထောင်း ကြီးဘက် တပ်တောင် - ကမ်းထောင်းကြီး လမ်း စစ်တွေ ရိုးမလမ်း၊ အဲဒီဘက်တွေကို အသီးသီး နီးစပ်ရာ နီးစပ်ရာ ထွက်ပြေးကြတယ်၊ အဲဒီထဲက ကားငါးစီးကတော့ ဒီ ကျီး ကန်းတောင်ပတ်လမ်း အမ်းရှု့ခင်းသာနားမှာ ဖမ်းဆီးခံရတယ် စစ်ကောင်စီဆီမှာ၊ အခုလက် ရှိကတော့ အဆက်အသွယ်လည်းမရဘူးသူတို့ကို ဖမ်းသွားတဲ့ နေရာကို သိတယ် ဒါပေမယ့် ကားကိုလည်း ရှာမရဘူးလို့သိရတယ်။”

တချိန်တည်းမှာပဲ ရခိုင်တောင်ပိုင်းက ဂွမြို့နယ်မှာလည်း နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်တပ်ဘက်ကတော့ လေကြောင်းကနေ စစ်ကူတိုက်ပေးနေတယ်လို့ စစ်ရေးစောင့်ကြည့်သူက ပြောပြပါတယ်။

“ ဂွမှာတော့ ဒီ ကြွေချိုင်မှာတော့ တိုက်ပွဲပြင်းထန်နေတယ်။ စစ်ကောင်စီလေကြောင်းကတော့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ရွာသားတွေကတော့ စစ်ဘေးရှောင်သွားပြီပေါ့နော်။ အဲ့ရွာမှာ အိမ်ခြေတွေကတော့ တော်တော်ဆိုးဆိုးရွားရွားပျက်စီး နေရတယ်လို့ ကျနော်တို့ ကြားသိရတယ်။”

ရခိုင်ပြည်နယ်အတွင်း AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအပြင် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာလည်း စစ်တွေမြို့နယ်ကလွဲရင် ကျန်မြို့နယ်အားလုံးမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ လုံးဝပြတ်တောက်နေပါတယ်။ လက်ရှိရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေနဲ့ ပတ်သတ်ပြီးအာရက္ခတပ်တော်AAဘက်က တစုံတရာထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမျိုး မတွေ့ရပါဘူး။

Your browser doesn’t support HTML5

မောင်တော၊ အမ်းနဲ့ ဂွ မှာ AA နဲ့ စစ်ကောင်စီ တိုက်ပွဲပြင်းထန်