ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုခင်း ဆိုင်ရာရုံး UNODC က ၂၀၁၈- ကမ္ဘာ့မူးယစ်ဆေးဝါ အစီရင်ခံစာ (World Drug Report 2018) ကို ထုတ်ပြန်လိုက်ပြီး ဘိန်းကနေထုတ်တဲ့ ဆေးဝါးတွေနဲ့ ကုတ်ကင်းထုတ်လုပ်မှုဟာ ကမ္ဘာတလွှား သိသိသာသာ တိုးလာနေပြီး လူထုကျန်းမာရေးကို အကြီး အကျယ် ထိခိုက်စေတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ဘိန်းစိုက်ပျိုးမှုမှာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံးဖြစ်တဲ့ မြန်မာနိုင်ငံကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးက အရေးပါကြောင်းနဲ့ အခု မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒအသစ်တခုကို ၂၀၁၈ ဖေဖေါ်ဝါရီလမှာ ချမှတ်ခဲ့ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်မှုကို လူထုကြား ပုံစံသစ်တမျိုးနဲ့ လုပ်ဆောင်ဖို့ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်က ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ
ကမ္ဘာတလွှား မှာ ဘိန်းကနေ ထုတ်လုပ်တဲ့ heroin ဘိန်းဖြူ အပြင် အခုအခါမှာ ဆေးကုသရာမှာသုံးတဲ့ ဆရာဝန်အညွှန်းစာပါမှ ဝယ်လို့ရတဲ့ opioids ဆေးတွေကို မူးယစ်ဆေးဝါးသုံးစွဲသူတွေ တိုးပြီးသုံးလာကြတာတွေ့ရပြီး ဒီလိုသုံးစွဲလို့ သေဆုံးရမှုဟာ ၇၆ % လောက်ရှိနေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး နဲ့ ရာဇဝတ်မှုခင်းဆိုင်ရာရုံး UNODC ရဲ့ (World Drug Report 2018) ၂၀၁၈- ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ဒီအစီရင်ခံစာကို ဂျီနီဗာ ကုလသမဂ္ဂရုံးမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ တင်သွင်းခဲ့ပြီး ဒီအခန်းအနားမှာ UNODC ရဲ့ အမှုဆောင်ဒါရိုက်တာ Yury Fedotov က မူးယစ်ဆေးဝါးကို ပုံစံမျိုးစုံနဲ့ ထုတ်လုပ်နေတာကြပြီး ဒီမူးယစ်ဆေးဝါးပြဿနာမှာ စိန်ခေါ်မှုတွေကို ဘက်မျိုးစုံက ကြုံနေရတယ်လို့ ပြောပါတယ်။
“ဒီနှစ်ထုတ်ပြန်တဲ့ ကမ္ဘာ့ မူးယစ်ဆေးဝါး အစီရင်ခံစာမှာ ကမ္ဘာတဝှမ်းမူးယစ်ဆေးရောင်းဝယ်မှု ဈေးကွက်က ပိုကျယ်ပြန့်လာတာ တွေ့ရပါတယ်။ ကုတ်ကင်းနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက အမြင့်ဆုံးစံချိန်တင်သွားသလို ဘက်မျိုးစုံမှာ စိန်ခေါ်မှု မျိုးစုံနဲ့ ကြုံနေရပါတယ်။”
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း မူးယစ်ဆေးစွဲသူတွေ တိုးလာတာဟာ အန္တရာယ်ကြီးနေတယ်လို့ ထောက်ပြခဲ့ပြီး ဒါဟာ မိသားစုတွေ၊ လူမှုအသိုင်းအဝိုင်းကို ထိခိုက်စေတဲ့အပြင် ရေရှည်ဖွံ့ဖြိုးရေးကိုပါ ထိခိုက်စေနိုင်တဲ့အတွက် မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ ဂိုဏ်းတွေ၊ မူးယစ်မှောင်ခိုတွေကို နိုင်ငံတကာ ပူးပေါင်းဖြေရှင်းသွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အင်္ဂါနေ့ ကုလသမဂ္ဂမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အစည်းအဝေးမှာ ဂျီနီဗာရုံးက ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဒီနှစ်မှာ အရေးပါတဲ့လုပ်ရပ်နဲ့ တဆင့်လှမ်းခဲ့တယ်လို့ အခုလို ပြောပါတယ်။
"မြန်မာအစိုးရဟာ နိုင်ငံတော်မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒအသစ်တခုကို ၂၀၁၈ ဖေဖေါ်ဝါရီလမှာ ချမှတ်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံတွင်း လက်တွေ့အခြေနေတွေကို ကြည့်ပြီး နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ ပိုကောင်းအောင် လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးမှာ အားလုံးပါဝင်လာစေမယ့် ဘက်စုံပါဝင်တဲ့ ချဉ်းကပ်မှုနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးရဲတွေရဲ့ ပံ့ပိုးမှုကို ရယူပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်။ ရေရှည်အောင်မြင်မှု ရစေဖို့ ဦးတည်လုပ်ဆောင်ရာမှာ ကျန်းမာရေးနဲ့ လူမှုရေး လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့ စဉ်းစားပြီး လူငယ်တွေကြား မူးယစ်ဆေးဝါး လက်လှမ်းမှီနေမှုကို တိုက်ဖျက်ဖို့ အဓိကထား လုပ်ဆောင်ပါတယ်။ ဘိန်းစိုက်တောင်သူတွေ အတွက် အစားထိုးစိုက်ပျိုးနိုင်ဖို့ လုပ်ဆောင်ပေးတာ အပြင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခဲ့ပါတယ်။"
UNOCD ရဲ့ အစီရင်ခံစာအရ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ၂၅ % ကျဆင်းလာပြီး ထုတ်လုပ်မှုကတော့ ၁၄ % ကျဆင်းလာဆယ်လို့ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် ဒေသတွင်းမှာ တခြားစိတ်ကြွ ရူးသွပ်ဆေးထုတ်လုပ်မှုတွေ တိုးလာတာမို့ စိုးရိမ်တယ်လို့ မြန်မာကိုယ်စားလှယ်က ပြောကြားခဲ့သလို မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာမှာ ပြည်တွင်းငြိမ်းချမ်းရေးက အရေးပါတဲ့ ကဏ္ဍမှာ ရှိနေတယ်လို့ ထောက်ပြပါတယ်။
"မြန်မာနိုင်ငံမှာ ဘိန်းစိမ်းစိုက်ပျိုးမှု ကျဆင်းလာခဲ့ပေမယ့် ဒေသတွင်းမှာ Methamphetamine နဲ့ ice ဆေးပြား တွေ ဖမ်းဆီးရမိမှုက တဖြေးဖြေး တိုးလာတာမို့ မြန်မာနိုင်ငံက ဒါကို စိုးရိမ်ပါတယ်။ ၂၀၁၈ ဇန်နဝါရီလမှာ မြန်မာမူးယစ်နှိမ်နင်းရေးအဖွဲ့က မူးယစ်ဆေး တကြိမ်ထဲနဲ့ အများဆုံး ဖမ်းမိခဲ့ ပါတယ်။ ဒါဟာ Methamphetamine ဆေးပြားတွေကို ပြည်ထဲရေးဌာနက ရှမ်းပြည်နယ်ထဲမှာ ဖမ်းဆီးရမိတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ဟာ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးမှာ အရေးပါတဲ့ကဏ္ဍက ရှိနေပြီး ပိုပြီး အရေးပါတာက နယ်စပ် ကျော်ဖြတ် ဖြစ်ပွါးတဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးရဲ့ စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်။ မူးယစ်ဆေးဝါး စတင်ထုတ်လုပ်တာကနေ တင်ပို့တာ ဝယ်ယူရောင်းချတာအထိ အဆင့်တိုင်းကို ချေဖျက် နိုင်ဖို့အတွက် မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ မိတ်ဖက်အဖွဲ့တွေရဲ့ လက်တွဲဆောင်ရွက်နေပါတယ်။"
မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ CCDAC က လက်ရှိမှာ တမျိုးသားလုံးဆိုင်ရာ မူးယစ်ဆေးဝါး မဟာဗျူဟာ စီမံကိန်းအတွက် မူကြမ်းရေးဆွဲနေတာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းဒေသ အသီးသီးက ၂ နှစ်စီမံကိန်းနဲ့ သူတို့ဒေသတွင်း အရေးယူ လုပ်ဆောင်မယ့် အစီအစဉ်တွေကို ချပြဖို့နဲ့ လိုအပ်ချက်တွေကို ပြည်ထောင်စု အစိုးရက နိုင်ငံတကာ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး နည်းပညာရော ငွေကြေး အရပါ ထောက်ပံ့ပေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့က ၂၀၁၇ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၉၅၀၀ ကျော်ရှိပြီး ဒီအထဲမှာ စိတ်ကြွဆေးပြား ပေါင်း ၇၂ သန်းကျော် ပါဝင်တယ်လို့ သမ္မတရုံးရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
သမ္မတသစ် ဦးဝင်းမြင့်တက်လာချိန်က ဦးစားပေးလုပ်ဆောင်မယ့် ကိစ္စရပ်တွေထဲမှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခန်းအနား မိန့်ခွန်းမှာတော့ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုကို တိုင်ကြားဖို့ အထူးသတင်းတိုင်ကြားရေးဌာနကို ဇွန်လ ၂၂ ရက်မှာ စတင်ဖွဲ့စည်း ခဲ့ကြောင်းနဲ့ ပြည်သူတွေ ပိုမိုပါဝင်လာစေဖို့ ရည်ရွယ်တဲ့ ဆုချီးမြှင့်ရေးအစီအစဉ်တွေ၊ အကာကွယ်ပေးရေး အစီအစဉ်တွေကို ချပြခဲ့ပါတယ်။
Your browser doesn’t support HTML5