ကျောက်ဖြူရေနက်စီမံကိန်း နောက်ဆက်တွဲ စာချုပ်အပါအဝင် တရုတ်နိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေနဲ့ပတ်သက်ပြီး NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သဘောထား၊ မြန်မာနိုင်ငံအပေါ် လှေနံနှစ်ဖက်နင်းတဲ့ ဆက်ဆံရေးမျိုးနဲ့ ဆက်ဆံနေတယ်လို့ နိုင်ငံတကာက ထောက်ပြကြတဲ့ တရုတ်ရဲ့နိုင်ငံခြားရေးမူဝါဒတွေအပေါ်မှာရော NUG ရဲ့ နိုင်ငံခြားရေးမူဝါဒတွေက ဘာတွေ ရှိမလဲဆိုတာကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကိုငြိမ်းချမ်းအေးက ဗွီအိုအေရုံးချုပ်မှာ သီးသန့် မေးမြန်းထားချက်ထဲက ကောက်နုတ်တင်ပြလိုက်ပါတယ်။
ငြိမ်းချမ်းအေး။ ။ ဒီမူဝါဒထဲမှာ နောက်တခုက တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေအပေါ် NUG အနေနဲ့ ကာကွယ်ပေးမယ်၊ အသိအမှတ်ပြုမယ်ပေါ့နော်။ ဒါပေမဲ့ တချက်မှာ - ၂၀၂၁ ဖေဖော်ဝါရီမတိုင်ခင်က သဘောတူညီထားတဲ့ဟာတွေအားလုံးအတွက်ဆိုရင် တာဝန်ခံမယ်၊ အဲဒီအတိုင်း ဆက်ပြီးသွားမယ်ပေါ့။ လက်ရှိမှာတော့ စစ်အုပ်စုနဲ့ တရုတ်နဲ့ နောက်ဆုံး ဒီဇင်ဘာထဲမှာဆိုရင် ကျောက်ဖြူ ရေနက်စီမံကိန်း၊ အဲဒီဟာကို ထပ်ပြီးတော့ စာချုပ်တယ်ပေါ့နော်။ "နောက်ဆက်တွဲစာချုပ်" လို့ သုံးနှုန်းတာပေါ့လေ။ ဒီလိုမျိုး စစ်အုပ်စုနဲ့ ဆက်ဆံနေတဲ့အခြေအနေမှာရှိတဲ့ သဘောတူညီချက်တွေအပေါ် နောင်လာမယ့်အစိုးရ၊ ဒါမှမဟုတ် လက်ရှိ NUG အနေနဲ့ ဘယ်လိုသဘောထား၊ ဘယ်လို အာမခံချက်တွေ ရှိလဲဗျ။
ဒေါ်ဇင်မာအောင်။ ။ ဟုတ်ကဲ့၊ ဒါတွေက ၂၀၂၁ ခုနှစ်ကတည်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒတွေနဲ့ပတ်သက်ပြီးတော့ ကျမတို့ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့တာ ရှိပြီးသားပါ။ နိုင်ငံခြားရေးမူဝါဒဆိုတာထက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒအပေါ်မှာအခြေခံပြီးတော့ ကျမတို့ ထည့်သွင်း ထုတ်ပြန်ခဲ့တာဖြစ်တယ်။ အဲဒါ ဘာလဲဆိုတော့ စစ်ကောင်စီကို ကျမတို့က စစ်ရေးလည်းဖြတ်၊ စီးပွါးရေးရာလည်းဖြတ်ပြီးတော့ ဖြတ်နိုင်သမျှ သူ့အပေါ်မှာဝင်နေတဲ့၊ ပြည်သူလူထုကို သတ်ဖြတ်တဲ့နေရာမှာ အကြမ်းဖက်တဲ့နေရာမှာ သုံးနေတဲ့ (ငွေတွေကို) သုံးမရအောင် revenue မှန်သမျှ၊ resource မှန်သမျှကို ဖြတ်တောက်တဲ့နေရာမှာ စီးပွားရေးပိတ်ဆို့ဟာလည်းပဲ ကဏ္ဍတခုအနေနဲ့အပါအဝင်ဖြစ်တယ်။ အဲဒီတော့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေက စစ်ကောင်စီကို legitimacy တရားဝင်မှု၊ အသိအမှတ်ပြုမှုလည်းသက်ရောက်တယ်၊ တခါတရံမှာ ငွေရေးကြေးရေးအရ ဘဏ္ဍာရံပုံငွေတွေအရလည်း သက်ရောက်မှုတွေ ရှိနိုင်တယ်၊ အထောက်အပံ့တွေ ဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ အဲဒီ နှစ်ခုလုံးပေါ့။ political legitimacy အရရော၊ နောက်ပြီးတော့ economic supports တွေအရရော ဖြတ်တောက်မှုတွေ၊ အဆက်အဆံမလုပ်ဖို့ လို့ ဆိုပြီးတော့ ထုတ်ပြန်ခဲ့တာရှိတယ်။ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်ရင် တစ် အချက် တရားမဝင်အစိုးရက တရားမဝင်အာဏာသိမ်း(ထား) တာဖြစ်တယ်၊ လူထုကို ကိုယ်စားမပြုဘူး၊ အဲဒီတော့ လူထုကို ကိုယ်စားမပြုတဲ့ စစ်အာဏာသိမ်းထားတဲ့ အာဏာရှင်တွေနဲ့ချုပ်ဆိုတဲ့ ဘယ်စာချုပ်မှန်သမျှ ကျမတို့ တာဝန်ခံမှာမဟုတ်ဘူးဆိုတာကို ပြောပြီးသားဖြစ်တယ်။ အဲဒါကိုပဲ ကျမတို့ ပြန်လည်ပြီးတော့ refreshing လုပ်ပြီးတော့၊ ဒါက တရုတ်ကို ပြောတယ်ဆိုပေမဲ့ အားလုံးနဲ့ဆိုင်ပါတယ်။ ကျမတို့ရဲ့နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒအားလုံးကို cover ဖြစ်ပါတယ်။
ငြိမ်းချမ်းအေး။ ။ ဟုတ်ကဲ့ဗျ။ နိုင်ငံရေးအရ ကျနော် တဘက်ပြန်သွားချင်ပါတယ်ဗျ။ တရုတ်က မြန်မာ့ပဋိပက္ခပေါ့နော် - လက်နက်ကိုင်တိုက်ပွဲတွေရော၊ နိုင်ငံရေးအရ ရော နှစ်ဘက်ခွပြီး ကစားနေတယ်ပေါ့နော်၊ နိုင်ငံတကာက သုံးသပ်ကြတယ်ပေါ့နော်။ တချို့ဆိုရင် စကားလုံးက Divide and Rule လို့ ပြောတယ်ပေါ့နော်။ အဲဒီစကားလုံးကို သုံးတယ်ပေါ့နော်။ ဝန်ကြီးအနေနဲ့ဆိုရင် ဒီအပေါ်မှာ ဘယ်လိုမျိုး လက်ရှိအခြေအနေအပေါ်မှာ ဝန်ကြီးအနေနဲ့ ဘယ်လို ခြုံငုံသုံးသပ်မလဲ၊ ဝန်ကြီးအနေနဲ့ ဘယ်လိုမြင်လဲဗျ။
ဒေါ်ဇင်မာအောင်။ ။ ဟုတ်ကဲ့၊ တကယ်တော့ နိုင်ငံတော်တော်များများက သိပ် ပြတ်ပြတ်သားသားကြီးတော့ မဟုတ်ဘူး။ တချို့ Morale (ကျင့်ဝတ်) အရ ထုတ်ဖော်ပြောဆိုတယ်။ Phone diplomacy ကိုသုံးပြီးတော့ ထောက်ခံကြတာရှိတယ်။ တချို့ကျတော့လည်း ဒီလိုပဲ တိုးတိုးကြိတ်ကြိတ် ကျမတို့ မသိလိုက်ဘဲနဲ့ မသိဘဲနဲ့ အားလုံးပေါ့နော်၊ နိုင်ငံတကာ သံတမန်တွေမှာ အသုံးအနှုန်းရှိပါတယ်။ 'different stakeholder' နဲ့ engage လုပ်တယ်" ဆိုပြီးတော့၊ စစ်ကောင်စီအပါအဝင် တခြားသောအင်အားစုတွေနဲ့လည်းပဲ ထိတွေ့ပြီးတော့မှ engagement လုပ်နေကြတာတွေလည်း ရှိတယ်။
တရုတ်ကတော့ နဂိုကတည်းက ကျမမြင်တာတော့ လက်တွေ့ကျတယ်။ မြန်မာ့အရေးနဲ့ပဲဖြစ်ဖြစ်၊ ကမ္ဘာ့အရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ပေါ့။ သူ့အကျိုးစီးပွားနဲ့၊ ဒါက နိုင်ငံတိုင်းက ဒီလိုပဲလို့ ကျမ မြင်ပါတယ်။ ဥပမာဆိုပါတော့- အမေရိကားဆိုလည်း သူ့ရဲ့အမျိုးသားအကျိုးစီးပွား- ဒီမိုကရေစီ ပရိုမိုးရှင်း(မြှင့်တင်ရေး)ကို သွားတယ်။ ဒီမူကိုပဲ တောက်လျှောက်လိုက်တာ။ ထို့အတူပဲ တရုတ်မှာလည်း သူ့နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားအကျိုးစီးပွါး၊ ဒါတွေ ရှိတယ်ပေါ့နော်။ မဟာဗျူဟာ အကျိုးစီးပွါးတွေပေါ့။ ဒီအပေါ်မှာအခြေခံပြီးတော့ပဲ နိုင်ငံတွေကို ဆက်ဆံကြတာဖြစ်တယ်လို့ ကျမကတော့ မြင်တယ်။
မြန်မာ့အရေးနဲ့ပတ်သက်ရင်လည်းပဲ ကျမထင်ပါတယ်။ ဒီတခေါက်အာဏာသိမ်းမှုမှာ တရုတ်ရဲ့ချဥ်းကပ်ပုံက ယခင့်ယခင် မြန်မာပြည်က၊ အခုမှ အာဏာသိမ်းတာ မဟုတ်ဘူးပေါ့နော်။ ပြီးခဲ့တဲ့ စစ်အာဏာသိမ်းမှုတွေတုန်းက တုံ့ပြန်ပုံနဲ့ အခု လူထုတော်လှန်ရေးအပေါ်မှာ မင်းအောင်လှိုင်ရဲ့အာဏာသိမ်းမှုအပေါ်မှာ တုံ့ပြန်မှုက ကွဲပြားခြားနားမှုတော့ ရှိတယ်လို့ ကျမ မြင်တယ်။ ဒါပဲ ကျမတို့အတွက် မျှော်လင့်ချက်လို့ပဲ ပြောရင်လည်း ရနိုင်ပါတယ်။
ငြိမ်းချမ်းအေး။ ။ ဟုတ်ကဲ့ဗျ။ နောက်ဆုံးမေးခွန်းအနေနဲ့ဆိုရင် တရုတ်နိုင်ငံခြားရေးမူဝါဒနဲ့အတူတူ၊ တခြား အနောက်နိုင်ငံတွေက မူဝါဒတွေနဲ့အတူတူ ဒါတွေက နိုင်ငံခြားရေးမူဝါဒအချင်းချင်း ကိုက်ညီမှုရှိလား။ ဒွိဟဖြစ်စေလား။ ဒါမှမဟုတ် ကွဲလွဲချက်တွေ ရှိနေလား။
ဒေါ်ဇင်မာအောင်။ ။ မရှိပါဘူးရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ နိုင်ငံခြားရေးမူဝါဒမှာလည်းပဲ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ဆက်ဆံရေးကိုလည်း တိုးမြှင့်သွားမယ်။ တပြိုင်နက်တည်းမှာပဲ ကျမတို့ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးနေတဲ့အစဥ်အလာ မဟာမိတ်တွေနဲ့လည်းပဲ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမှာဖြစ်သလို၊ အဓိကကတော့ ကျမတို့ main course က ကျမတို့လည်း ကျမတို့တိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွားပဲ။ ကျမတို့တိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွားက ဘာလဲဆိုတော့ အာဏာရှင်စနစ်ပြုတ်ကျပြီးတော့ ဒီမိုကရေစီ..ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုထူထောင်ဖို့ပဲ။ ဒါကို ထောက်ခံတဲ့၊ အားပေးတဲ့ ဘယ်နိုင်ငံနဲ့မဆို ကျမတို့က ရင်းရင်းနှီးနှီးဆက်သွယ်ဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်ဆိုတာကို ကျမတို့ principle အရပဲ ဆက်သွယ်ဆောင်ရွက်တာဖြစ်တဲ့အတွက် contradict (ဆန့်ကျင်ကွဲလွဲမှု) မဖြစ်ဘူးလို့ပဲ ကျမ ပြောချင်ပါတယ်။
ငြိမ်းချမ်းအေး။ ။ ဟုတ်ကဲ့၊ ကျေးဇူးပါခင်ဗျ။
Your browser doesn’t support HTML5