အီရန်က ဒုံးကျည်သစ် စမ်းသပ်ပစ်လွှတ်

၂၀၁၆ ဒီဇငိဘာလက ပစ်လွှတ်စမ်းသပ်သည့် အီရန် ဒုံးကျည်။

အီရန်နိုင်ငံက ဒုံးကျည်သစ်တခုကို စမ်းသပ်ပစ်လွှတ်လိုက်တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ တပ်မှူးကြီး ဗိုလ်ချုပ် Hossein Salami က ဒီကနေ့ ပြောလိုက်တယ်လို့ Tasnim သတင်းအေဂျင်စီက ဖော်ပြလိုက်ပါတယ်။

မနေ့က စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ အဲဒီ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဟာ အီရန်နိုင်ငံရဲ့ အောင်မြင်မှုအရှိဆုံး နေ့တွေထဲက တခုဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့ ဒုံးကျည်နဲ့ပတ်သက်တဲ့ နောက်ထပ် အသေးစိတ် သတင်းအချက်အလက်တွေကိုတော့ သူက ပြောမသွားခဲ့ပါဘူး။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ မနှစ်က အီရန် နျူကလီးယား သဘောတူညီချက်ကနေ နုတ်ထွက်ပြီး အီရန်အနေနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် မထုတ်နိုင်အောင်၊ ထိန်းချုပ်နိုင်ဖို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အမေရိကန် နဲ့ အီရန်ကြားမှာ တဖက်နဲ့တဖက် အပြန်အလှန် ခြိမ်းခြောက်လာခဲ့ကြတာပါ။

ပြီးခဲ့တဲ့ဇွန်လတုန်းက အီရန်က အမေရိကန် စစ်ဘက်ကင်းထောက် ဒရုန်းယာဉ်ကို မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်နဲ့ ပစ်ချခဲ့တာကြောင့် ၂ နိုင်ငံကြား စစ်ဖြစ်လုနီးနီးအထိ ဖြစ်ခဲ့ပါတယ်။ အီရန်ဘက်ကတော့ အဲဒီ ဒရုန်းယာဉ်ဟာ အီရန်နိုင်ငံရဲ့ ပိုင်နက်ထဲကို ကျူးကျော်ရောက်ရှိလာခဲ့တယ်လို့ ပြောလိုက်ပြီး အမေရိကန်ဘက်ကတော့ သူတို့ရဲ့ ဒရုန်းယာဉ်ဟာ နိုင်ငံတကာ လေပိုင်နက်ထဲမှာပဲ ရှိနေတာဖြစ်တယ်လို့ ပြောပါတယ်။

အီရန်နိုင်ငံဟာ ကြာသပတေးနေ့တုန်းကလည်း သူတို့နိုင်ငံလုပ် တာဝေးပစ်ဒုံးကျည် မြေပြင်ကနေ ဝေဟင်ပစ် လေကြောင်ရန်ကာကွယ်ရေး ဒုံးကျည်စနစ်တခုကို ပြသခဲ့ပါသေးတယ်ခင်ဗျာ။

Your browser doesn’t support HTML5

အီရန်က ဒုံးကျည်သစ် စမ်းသပ်ပစ်လွှတ်