သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ အီရန်ရေနံတင်သဘောၤ ဂရိနိုင်ငံထွက်ခွာဖို့ Gibraltor ခွင့်ပြု


ဥရောပ သမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်မှုနဲ့ ဗြိတိန် ပိုင်နက် ဂျီဘရော်တာမှာ ဖမ်းခံခဲ့ရတဲ့ အီရန် ရေနံတင်သဘောၤက တနလာၤနေ့မှာ ဂရိနိုင်ငံကို ဦးတည် ခုတ်မောင်းသွားပြီ ဖြစ်ပါတယ်။ ဒီသဘောၤကို ထိန်းသိမ်းနိုင်ရေး အမေရိကန်ရဲ့ တောင်းဆိုချက်ကို ဂျီဘရော်တာ အာဏာပိုင်တို့ ပယ်ချခဲ့ပြီးနောက် အခုလို ရေနံတင် သဘောၤ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

Grace 1 ဆိုတဲ့ နာမည်ကနေ Adrian Darya 1 လို့ နာမည်ပြောင်းလိုက်တဲ့ ရေနံတင် သဘောၤက ဘယ်ကို ဦးတည် ခုတ်မောင်းမယ်ဆိုတာကို အာဏာပိုင်တွေဘက်က လူသိရှင်ကြား မထုတ်ပြန်ပေမယ့်လည်း ဒီသဘောၤက ဂရိနိုင်ငံ Kalamata ဆိပ်ကမ်းကို ဦးတည်ခုတ်မောင်းနေပြီး နောက်သီတင်းပတ် တနင်္ဂနွေနေ့မှာ ဆိုက်ကပ်ဖို့ ရှိတယ်လို့ ရေကြောင်း သွားလာရေး စောင့်ကြည့်မှု ဆိုင်ရာ အချက်အလက်တွေမှာ တနလာၤနေ့က ဖော်ပြနေပါတယ်။

အမေရိကန် ဒေါ်လာ သန်း ၁၃၀ တန်ဖိုးရှိ ရေနံစိမ်းစည် ၂ ဒသမ ၁ သန်း တင်ဆောင်လာတဲ့ ရေနံတင် သဘောၤကို အမေရိကန်ဘက်က ထိန်းသိမ်းဖို့ ဆောင်ရွက်ချက် မှန်သမျှ ပြင်းထန်တဲ့ အကျိုးဆက်တွေ ထွက်လာနိုင်တယ်လို့ အီရန်ဘက်က သတိပေးထားပါတယ်။ အမေရိကန်ဘက် အခြေအနေတွေ ပိုပြီး တင်းမာလာအောင် ကြိုးစားနေကြောင်း အီရန်ဘက်က ယုံကြည်ထားပြီး တဖက်မှာလည်း အခု ရေနံတင် သဘောၤ ကိစ္စက ပြေည်လည်သွားတာကြောင့် အီရန်အနေနဲ့ အားရကျေနပ် ဖြစ်မိကြောင်းနဲ့ တင်းမာမှုတွေ လျော့ကျသွားစေမယ်လို့ မျှော်လင့်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif က ပြောပါတယ်။

ဥရောပ သမဂ္ဂက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်ပြီး အီရန် ရေနံတင် သဘောၤက ဆီးရီးယားကို ဦးတည် ခုတ်မောင်းနေတယ်ဆိုတဲ့ ယူဆချက်နဲ့ ဗြိတိန် ပိုင်နက် တခုဖြစ်တဲ့ ဂျီဘရော်တာမှာ ဇူလိုင်လ ၄ ရက်နေ့က ရေနံတင် သဘောၤကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG