အီရန်နိုင်ငံက ကျူးကျော် ရန်စမှုတွေ ပြုလုပ်နေသမျှကာလပတ်လုံး အီရန်အစိုးရကို အထီးကျန်သွားအောင် လုပ်ဆောင်ကြဖို့ အမေရိကန်သမ္မတ Donald Trump က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အင်္ဂါနေ့က ပြောကြားတဲ့ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အီရန်ခေါင်းဆောင်တွေဟာ မတည်ငြိမ်မှုတွေ၊ သေခြင်းတရားတွေနဲ့ ဖျက်ဆီးမှုတွေ ဖြစ်ပေါ်လာအောင် မျိုးစေ့ ချပေးနေတယ်လို့ ဆိုပါတယ်။
အီရန်ခေါင်းဆောင်တွေဟာ အိမ်နီးချင်း နိုင်ငံတွေ၊ နယ်စပ် စည်းမျဉ်းတွေနဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုတွေကို လေးစားသမှု မပြုကြောင်း၊ ဒါ့အပြင် အီရန် ခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ သယံဇာတတွေနဲ့ သူတို့ကိုယ်သူတို့ ကြီးပွား ချမ်းသာအောင် လုပ်ဆောင်ပြီး အရှေ့အလယ်ပိုင်းနဲ့ တခြား ဒေသတွေမှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်ကြောင်းလည်း သမ္မတ Trump က ပြောပါတယ်။
သမ္မတ အိုဘားမားလက်ထက် ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့တဲ့ နိုင်ငံတကာ အီရန် နျူကလီးယား သဘောတူညီချက်ဟာလည်း အီရန်ခေါင်းဆောင်တွေအတွက် အကျိုးဖြစ်ထွန်းစေတဲ့ သေဘာတူညီချက်ဖြစ်ပြီး အဲဒီရဲ့ နောက်ဆက်တွဲအဖြစ် အီရန်ဟာ စစ်အသုံးစားရိတ်ကို ၄၀% တိုးမြင့်ပြီးတဲ့နောက် ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေက အကြမ်းဖက်လုပ်ငန်းတွေကို ထောက်ပံ့နေတယ်လို့ ဆိုပါတယ်။ အီရန် နျူကလီးယား သဘောတူညီချက်ကနေ သမ္မတ Trump အစိုးရက နုတ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။
နျူကလီးယား သဘောတူညီချက်ကြောင့် အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပြန်ရုပ်သိမ်းပေးခဲ့ပေမယ့် သူ့အစိုးရကတော့ ပြီးခဲ့တဲ့လကစပြီး နျူကလီးယားနဲ့သက်ဆိုင်တဲ့ ပြင်းထန်တဲ့ အရေးယူမှုတွေကို ချမှတ်ခဲ့ကြောင်း၊ လာမယ့် နိုဝင်ဘာ ၅ ရက် နောက်ပိုင်းမှာလည်း အရေးယူမှုအသစ်တွေကို ထပ်မံ ချမှတ်သွားမှာဖြစ်ကြောင်း သမ္မတ Trump က ပြောပါတယ်။
Your browser doesn’t support HTML5