ဂျပန်ငြိမ်းချမ်းရေးသင်္ဘော အီဂျစ်ဆိပ်ကမ်းဆိုက်ရောက်

ဂါဇာကမ်းမြောင်ဒေသအပစ်ရပ်ရေးတောင်းဆိုပြီး နိုင်ငံတကာကိုလှည့်နေတဲ့ ဂျပန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ရဲ့ "ငြိမ်းချမ်းရေေးလှေ" ခရီးစဥ် အီဂျစ်ဆိပ်ကိမ်းကို ဆိုက်ရောက်စဥ်။ (နိုဝင်ဘာ ၈၊ ၂၀၂၃)

အစ္စရေး-ဟားမတ်စ်စစ်ပွဲကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးနိုင်ရေး ယာယီခေတ္တရပ်ထားဖို့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ဂျပန်နိုင်ငံက ဦးဆောင်တဲ့ စီးပွားရေးအင်အားကြီး ၇ နိုင်ငံ (G-7) အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေက ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ဂါဇာကမ်းမြောင်ဒေသမှာ လုံးဝအပစ်အခတ်ရပ်စဲရေး တောင်းဆိုနေတဲ့ ဂျပန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခု ဖြစ်တဲ့ 'ငြိမ်းချမ်းရေးလှေ' အမည်ရှိတဲ့ သင်္ဘောက အီဂျစ်နိုင်ငံ ဆိပ်ကမ်း Said ကို ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၈ ရက်) က ဆိုက်ကပ်လာပါတယ်။

Greece Israel Palestinians

အလျား ၉၈ ပေ ရှည်လျားပြီး တန်ချိန် ၇၇,၀၀၀ ရှိတဲ့ ဒီငြိမ်းချမ်းရေးသင်္ဘောကြီးရဲ့ ဘေးဘက်မှာ “ဂါဇာမှာ သတ်ဖြတ်နေတာတွေရပ်” ဆိုတဲ့ စာတန်းကို ချိတ်ဆွဲထားတာတွေကို တွေ့ရပါတယ်။ ဒီ အစိုးရမဟုတ်တဲ့အဖွဲ့ဟာ ငြိမ်းချမ်းရေး သတင်းစကားတွေ ကမ္ဘာအနှံ့ပျံ့နှံ့ရေး နိုင်ငံတကာကို အပျော်စီးသင်္ဘောနဲ့ လှည့်လည်သွားလာလေ့ရှိတဲ့အဖွဲ့ ဖြစ်ပါတယ်။

"ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး သင်္ဘောကြီး နှစ် ၄၀ သမိုင်းကြောင်းရှိပါတယ်။ ဂါဇာမှာ ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကို လက်မခံနိုင်လို့ ဂါဇာကမ်းမြောင်မှာ ဖြစ်ပျက်နေတာတွေကို ရပ်တန့်စေချင်ပါတယ်။ ဒါကို လျစ်လျူမရှုနိုင်တော့လို့ နိုင်ငံတကာအသိုင်းအဝိုင်းကို၊ ကမ္ဘာကို သိစေချင်လို့ ကျနော်တို့ရဲ့ အသံတွေမြှင့်တင်ဖို့ လိုပါတယ်” လို့ အဖွဲ့ရဲ့ အမှုဆောင် ကော်မတီဝင် Hatakeyama Sumiko က ပြောပါတယ်။ ဒီ ငြိမ်းချမ်းရေးသင်္ဘောပေါ်မှာ အာရှနိုင်ငံသား အဖွဲ့ ၁,၈၀၀ ပါဝင်ပြီး သြဂုတ်လကတည်း ကမ္ဘာတဝန်း နိုင်ငံပေါင်း ၂၀ က ဆိပ်ကမ်း ၂၄ ခု ကို သွားရောက်လည်ပတ်နေတာဖြစ်ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့နဲ့ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်တွေ ပါဝင်ပါတယ်။

ဒီ သင်္ဘောဟာ ငြိမ်းချမ်းရေးနှင့် ပညာရေးဆိုင်ရာ မြှင့်တင်ရေးအတွက် ပြီးခဲ့တဲ့ နှစ်တွေထဲမှာလည်း အစ္စရေးနဲ့ ပါလက်စတိုင်းနယ်မြေတွေကို သွားရောက်ခဲ့ဖူးပြီး ဂါဇာမှာ လူငယ်ဖလှယ်ရေးအစီအစဉ်တွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

ဂျပန်ငြိမ်းချမ်းရေးသင်္ဘော အီဂျစ်ဆိပ်ကမ်းဆိုက်ရောက်