လက်ဘနွန်မြေပြင်ထိုးစစ် အမြန်ဆုံးလုပ်မယ်လို့ အစ္စရေးပြော

အစ္စရေးနိုင်ငံမြောက်ပိုင်းမှာတွေ့ရတဲ့ အစ္စရေးတင့်ကားများ (စက်တင်ဘာ ၂၇၊၂၀၂၄)

Hamas ကသာ လက်နက်ချလိုက်မယ်ဆိုရင် ဂါဇာစစ်ပွဲ ချက်ချင်းရပ်သွားမှာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။ လက်နက် မချရင်တော့ Hamas အဖွဲ့ လုံးဝ မရှိတော့တဲ့အထိ ချေမှုန်းသွားမယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဝန်ကြီးချုပ် Benjamin Netanyahu က အခုအသံမလွှင့်ခင်မှာပဲ မိန့်ခွန်းပြောကြားခဲ့တာပါ။

လက်ဘနွန်က Hezbollah အဖွဲ့နဲ့ပတ်သက်လို့လည်း Hezbollah အဖွဲ့ဟာ ကမ္ဘာမှာ အကြမ်းဖက်လုပ်ရပ်တွေ အလုပ်ဆုံးအဖွဲ့ဖြစ်တယ်လို့ဆိုပြီး အစ္စရေးအပေါ် အကြမ်းဖက်နေတာတွေကို ဆက်လက်သည်းခံတော့မှာ မဟုတ်ဘူးလို့ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

အခုလို ကုလသမဂ္ဂအထွေထွေညီလာခံမှာ အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းမပြောခင်မှာပဲ လက်ဘနွန်နိုင်ငံထဲကို မြေပြင်ကနေ ဝင်ရောက်ပြီး အမြန်ဆုံး တိုက်ခိုက်ဖို့ ပြင်နေတယ်လို့ အစ္စရေးဘက်က ပြောကြားခဲ့ပါတယ်။

လက်ဘနွန်ထဲနိုင်ငံထဲ ဝင်ရောက်ပြီး Hezbollah တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးကို အမြန်ဆုံး မြန်နိုင်သမျှ မြန်အောင်လုပ်မယ်လို့ ဒီနေ့ အစောပိုင်းက လုံခြုံရေးတာဝန်ရှိသူတယောက်က သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

အစ္စရေးနဲ့ လက်ဘနွန်က Hezbollah စစ်သွေးကြွအဖွဲ့ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်လုပ်နေကြပါတယ်။ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ၂ ဘက် အပစ်ရပ်ဖို့ တောင်းဆိုထားကြချိန်မှာ အစ္စရေးဘက်က မြေပြင်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

New York မြို့မှာရောက်နေတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ အမေရိကန်ဦးဆောင်ပြီး အပစ်ရပ်ဖို့ ကြိုးပမ်းမှုတွေအပေါ် ကျေးဇူးတင်ကြောင်းနဲ့ ဒီကမ်းလှမ်းချက်တွေနဲ့ပတ်သက်လို့ ဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အပစ်အခတ်ရပ်ဆဲရေး ကမ်းလှမ်းချက်တွေနဲ့ပတ်သက်လို့ သတင်းမှားတွေ ထုတ်ပြန်နေကြတာကြောင့်လို့ အစချီပြီး ဝန်ကြီးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်တာြဖစ်ပါတယ်။ လက်ဘနွန်နဲ့ နယ်စပ်ဖြစ်တဲ့ အစ္စရေးမြောက်ပိုင်းမှာ ပြည်သူတွေ နေရပ်ကို လုံခြုံ ဘေးကင်းစွာပြန်နိုင်တဲ့ အခြေအနေရောက်တဲ့အထိ ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ တချိန်ထဲမှာ Hezbollah အဖွဲ့အပေါ် အစွမ်းကုန်တိုက်ခိုက်သွားဖို့ကိုလည်း အစ္စရေးတပ်ကို ဝန်ကြီးချုပ် Netanyahu ကအမိန့်ပေးထားပါတယ်။

Your browser doesn’t support HTML5

လက်ဘနွန်မြေပြင်ထိုးစစ် အမြန်ဆုံးလုပ်မယ်လို့ အစ္စရေးပြော