ဟာမတ်စ်နဲ့ တိုက်ပွဲအရှိန်မြင့်လာမယ့်အခြေအနေအတွက် ပြင်ဆင်ထားကြောင်း အစ္စရေးပြော

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဟာမတ်စ်ရဲ့ အဆင့်မြင့် လုံခြုံရေးအရာရှိတဦးဖြစ်တဲ့ Saleh al-Aruri သေဆုံးသွားတဲ့ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်က အဆောက်အဦ (ဇန်နဝါရီ ၃၊ ၂၀၂၄)

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဟာမတ်စ်ရဲ့ အဆင့်မြင့် လုံခြုံရေးအရာရှိတဦးဖြစ်တဲ့ Saleh al-Aruri သေဆုံးသွားတဲ့ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်က အဆောက်အဦ (ဇန်နဝါရီ ၃၊ ၂၀၂၄)

ဟာမတ်စ်ရဲ့လက်ထောက်အကြီးအကဲ သေဆုံးခဲ့တဲ့ ဘေရွတ်မြို့တိုက်ခိုက်မှုအပြီး၊ ဒေသတွင်းမှာ ပဋိပက္ခတွေ ပိုမို ကျယ်ပြန့်လာနိုင်တာကြောင့် ဘယ်အခြေအနေမျိုးအတွက်မဆို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဟာမတ်စ်ရဲ့ အဆင့်မြင့် လုံခြုံရေးအရာရှိတဦးဖြစ်တဲ့ Saleh al-Aruri ဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတခုမှာ သူ့ရဲ့ ကိုယ်ရံတော်တွေနဲ့အတူ မနေ့ ဇန်နဝါရီ ၂ ရက်နေ့က သေဆုံးခဲ့ကြောင်း လက်ဘနွန်နိုင်ငံက အဆင့်မြင့် လုံခြုံရေးအရာရှိတဦးက ပြောပါတယ်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ Daniel Hagari (ဒယ်နီရယ် ဟာဂါရီ) က ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်တစုံတရာ ပေးမထားပေမဲ့၊ အစ္စရေး စစ်တပ်အနေနဲ့ ခုခံ ကာကွယ်ရေးရော၊ တိုက်စစ်အတွက်ပါ နယ်ပယ်ပေါင်းစုံက ပြင်ဆင်ထားတယ်လို့ ပြောလာတာပါ။

Aruri သေဆုံးသွားတဲ့အတွက် သူတို့အဖွဲ့ ကျဆုံးခန်းကို ရောက်သွားမှာမဟုတ်ကြောင်း ဟာမတ်စ်က ပြောထားသလို Aruri ကို သတ်ဖြတ်လိုက်တဲ့ဖြစ်ရပ်အတွက် လက်စားချေမဲ့အကြောင်းနဲ့ ဒါဟာ လက်ဘနွန်နိုင်ငံကို စော်ကားမှုပြုတဲ့ လုပ်ရပ်ဖြစ်တာကြောင့် အန္တရာယ်များတဲ့ ပြောင်းလဲမှုဖြစ်ကြောင်း လက်ဘနွန်အခြေစိုက် ဟာမတ်စ်ရဲ့မဟာမိတ် ဟဇ်ဘိုလာအဖွဲ့က ပြောပါတယ်။

လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ် မီကာတီကလည်း အခုလို သတ်ဖြတ်မှုကို ရှုတ်ချလိုက်ပြီး ဒါဟာ လက်ဘနွန်ကို စစ်ပွဲထဲရောက်အောင် ပိုပြီးဆွဲသွင်းလိုက်တဲ့ လုပ်ရပ်လို့ ပြောပါတယ်။ သုံးလနီးပါးကြာ အစ္စရေးနဲ့ ဟာမတ်စ်စစ်ပွဲဟာ ဒေသတွင်း ပိုမိုကျယ်ပြန့်တဲ့ ပဋိပက္ခဖြစ်လာမှာကို စိုးရိမ်နေကြသလို၊ တိုက်ခိုက်မှုတွေလည်း တိုးလာနေတာပါ။

ဂါဇာကျန်းမာရေးဝန်ကြီးဌာနကတော့ အစ္စရေး ဗုံးကြဲတိုက်ခိုက်မှုနဲ့ မြေပြင်ထိုးစစ်တွေကြောင့် လူပေါင်း ၂၂,၁၈၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

ဟာမတ်စ်နဲ့ တိုက်ပွဲအရှိန်မြင့်လာမယ့်အခြေအနေအတွက် ပြင်ဆင်ထားကြောင်း အစ္စရေးပြော