ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့နိုင်အောင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အကြိတ်အနယ်ညှိနှိုင်းနေချိန်မှာပဲ အစ္စရေးတပ်ဖွဲ့ဝင်တွေက အင်္ဂါနေ့မှာပဲ ဂါဇာဒေသထဲကို အပြင်းအထန် ဆက်လက် ပစ်ခတ်တိုက်ခိုက်နေပါတယ်။ ဂါဇာမြောက်ပိုင်းက နောက်ဆုံးလည်ပတ်နေတဲ့ ဆေးရုံနှစ်ရုံကိုလည်း အစ္စရေးတပ်တွေ ဝင်ရောက်စီးနင်းခဲ့တာပါ။
စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ Rafah အရပ်က အိမ်တလုံးကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူ ၂၇ ဦးသေဆုံးခဲ့ပြီး အခြားနေရာတခုမှာတေ့ာ ၃ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အင်္ဂါနေ့ အစောပိုင်းက အဲဒီဆေးရုံ ၂ ရုံမှာ လူသေအလောင်းတွေရောက်လာတာကို ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့ အေပီသတင်းထောက်တွေက ပြောပါတယ်။
ဟာမတ်စ်တို့အပေါ် အစ္စရေးတို့ စစ်ကြေညာခဲ့တဲ့အချိန်ကစပြီး ပါလက်စတိုင်းပြည်သူ ၂ သောင်းကျော်အသက်ဆုံးရှုံးခဲ့ရကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ လက်နက်ကိုင်နဲ့ ပြည်သူ ဘယ်လောက်ပါဝင်တယ်ဆိုတာကိုတော့ ခွဲပြီးပြောမသွားပါဘူး။ ကုလသမဂ္ဂကလည်း အပျက်အစီးပုံတွေအောက်မှာ မြုပ်နေတဲ့ လူသေအလောင်း နောက်ထပ် ထောင်ဂဏန်းထိ ရှိမယ်လို့ခန့်မှန်းထားပါတယ်။
အောက်တိုဘာလ ၇ ရက်က အစ္စရေးတောင်ပိုင်းကို ဟာမတ်စ်တို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးတဲ့နောက်ပိုင်း မြေပြင်ထိုးစစ်တွေမှာ သေဆုံးခဲ့တဲ့ အစ္စရေးတပ်ဖွဲ့ဝင် ၁၂၇ ဦးရှိပြီး ဟာမတ်စ်တို့လက်ချက်နဲ့ အရပ်သားအများစုအပါအဝင်လူ ၁,၂၀၀ ဝန်းကျင်သေဆုံးခဲ့သလို ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသူက ၂၄၀ ရှိတယ်လို့ ပြောပါတယ်။
Your browser doesn’t support HTML5