ဂျပန်မှာ ငလျင်ကြီးလှုပ်နိုင်ခြေရှိတာကြောင့် ဝန်ကြီးချုပ် နိုင်ငံခြားခရီးစဉ်ဖျက်သိမ်း

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း Osaki မြို့မှာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အိမ်တလုံးပြိုကျနေစဉ် (ဩဂုတ် ၈၊ ၂၀၂၄)

ဂျပန်မှာ ကြီးမားတဲ့ငလျင်လှုပ်နိုင်တယ်ဆိုတဲ့ သတိပေးချက်ကြောင့် ဝန်ကြီးချုပ် Fumio Kishida နိုင်ငံခြား ခရီးစဉ် ဖျက်သိမ်းလိုက်ပါတယ်။ ဂျပန်နိုင်ငံ ပစိဖိတ်ကမ်းရိုးတမ်းဒေသမှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတခု လှုပ်နိုင်တာကြောင့် ပြည်သူတွေ ဘေးကင်းရာ ထွက်ခွာဖို့ ပြင်ထားဖို့ ဂျပန်ဘူမိဗေဒဌာနက ဘယ်တုန်းကမှနဲ့ မတူတဲ့ သတိပေးမှုထုတ်ပြန်ထားပါတယ်။

ဘယ်တော့ငလျင်လှုပ်ခတ်မယ်ဆိုတာကို ဘူမိဗေဒဌာနက အတိအကျ မပြောပေမဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ အာရှတိုက်အလယ်ပိုင်းကို ရှေ့သီတင်းပတ်ခရီးထွက်မယ့် အစီအစဉ် ဖျက်လိုက်တယ်လို့ ဝန်ကြီးချုပ် Kishida က ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ငလျင်လှုပ်နိုင်မယ့်အချိန်နဲ့ ဘေးလွတ်ရာသွားကြဖို့ သတိပေးချက်တွေ မထွက်သေးပေမဲ့ အခုလိုမျိုး သတိပေးချက်မျိုး အရင်တခါမှ မရှိဖူးတဲ့အတွက် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြမယ်ဆိုတာ သူ့အနေနဲ့ နားလည်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းက Kyushu ကျွန်းမှာ ၇.၁ ပြင်းအားနဲ့ ကြာသပတေးနေ့က ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ပြင်းထန်တဲ့ငလျင်ကြီးတခု လှုပ်ခတ်နိုင်တယ်ဆိုတဲ့ သတိပေးချက်ထွက်လာခဲ့တာပါ။ Tokyo နဲ့ Osaka အနောက်ပိုင်းကိုပြေးဆွဲတဲ့ ကျည်ဆံရထားတချို့ကို အရှိန်လျှော့ပြေးဆွဲနေတယ်လို့ မီးရထားတာဝန်ရှိသူတွေက ပြောပါတယ်။ သီတင်းတပတ်လောက် သတိထားပြီး အရှိန်လျှော့ပြေးဆွဲမယ်လို့ ပြောထားပါတယ်။

နိုင်ငံတဝန်း Nuclear စက်ရုံတွေမှာလည်း သဘာဝဘေးဒဏ် ပြင်ဆင်ရေးတွေကို ထပ်မံစစ်ဆေးပြင်ဆင်ထားဖို့ အာဏာပိုင်တွေ ညွှန်ကြားထားပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက ပြင်းအား ၉ ရှိတဲ့ ငလျင်ကြီးနဲ့အတူ ဆူနာမီ ဒီလှိုင်းကြီးတွေကြောင့် အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းဒေသတွေမှာ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သလို လူပေါင်း ၂ သောင်းနီးပါး သေဆုံးခဲ့ပါတယ်။

Your browser doesn’t support HTML5

ဂျပန်မှာ ငလျင်ကြီးလှုပ်နိုင်ခြေရှိတာကြောင့် ဝန်ကြီးချုပ် နိုင်ငံခြားခရီးစဉ်ဖျက်သိမ်း