သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AI နည်းပညာသုံး ငလျှင်ခန့်မှန်းချက်


တက္ကဆက်စ်တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ ဉာဏ်ရည်တုနည်းပညာ AI ကိုသုံးပြီး ငလျင်လှုပ်နိုင်ခြေခန့်မှန်းချက် ရလဒ်များ။
တက္ကဆက်စ်တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ ဉာဏ်ရည်တုနည်းပညာ AI ကိုသုံးပြီး ငလျင်လှုပ်နိုင်ခြေခန့်မှန်းချက် ရလဒ်များ။

တက္ကဆက်စ်တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ ဉာဏ်ရည်တုနည်းပညာ AI ကိုသုံးပြီး ငလျင်လှုပ်နိုင်ခြေခန့်မှန်းချက်တွေ ပိုကောင်းလာအောင် ကြိုးစားနေကြပါတယ်။ တက္ကဆက်စ် မြို့တော် Austin ကနေ VOA သတင်းထောက် Dean Mitchell သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကမ္ဘာတလွှားမှာ ပျက်စီးမှုကြီးမားတဲ့ ငလျင်တွေလှုပ်ခဲ့ပေမယ့် ဘယ်သူမှ ကြိုမသိခဲ့ကြဘူးလို့ Austin မှာရှိတဲ့ Texas တက္ကသိုလ် UT က ဘူမိ-ရူပဗေဒ ပါမောက္ခ Sergey Fomel ကပြောပါတယ်။

"တကယ်တော့ မြေငလျင်ပညာရပ်မှာ ငလျင်တွေကို ကြိုတင်ခန့်မှန်းဖို့ဆိုတာ အားလုံး ကြိုးပမ်းနေတဲ့ကိစ္စပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တရာကျော်လောက်ကတည်းကိုက ကြိုးစားနေကြတာပါ။"

UT သုတေသနအဖွဲ့ဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ဆိုင်ရာ အချက်အလက်တွေနဲ့ AI နည်းပညာကိုသုံးပြီး အပျက်အစီးများတဲ့ငလျင် တကယ်လှုပ်မယ့်အခြေအနေကို ကြိုတင်ခန့်မှန်းဖို့ သဘာဝနဲ့ယှဉ်ပြိုင်ပြီး ပုံစံထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဖွဲ့ခေါင်းဆောင် UT တက္ကသိုလ် စီးပွါးရေးဘူမိဗေဒဌာနက လက်ထောက်ပါမောက္ခ Yangkang Chen ကတော့ ဒီပြိုင်ပွဲမှာ သူတို့ နိုင်ပါတယ်တဲ့။ ငလျင်လှုပ်မှာကိုရော ဘယ်နေရာမှာလှုပ်မယ်ဆိုတာနဲ့ ပြင်းအားအပါအဝင် ဒီငလျင်တွေနဲ့ပတ်သက်ပြီး ရာနှုန်း ၇၀ လောက် တိတိကျကျ ခန့်မှန်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ ဒီပြိုင်ပွဲမှာ ကျနော်တို့က တကယ် ငလျင်လှုပ်ချိန်မှာရတဲ့ အချက်လက်တွေနဲ့ စမ်းသပ်တာလို - သိပ်ကိုအရေးကြီးတဲ့စမ်းသပ်မှုနဲ့ အချက်လက်ကောင်းတွေ ရခဲ့တာကြောင့်ပါ။”

အခု ရခဲ့တဲ့ AI မော်ဒယ်မှာ ခန့်မှန်းချက်အတွက် အချက်လက်တွေထည့်ပေးပြီး ပုံစံထုတ်ရပါတယ်။ ဒါကို လူသားတွေလုပ်ဖို့ အတော်ခက်တယ်လို့လည်း Chen က ပြောပါတယ်။ UT အဖွဲ့နဲ့ လက်တွဲဆောင်ရွက်နေတဲ့ တက္ကဆက်စ် ပြည်နယ် ငလျင်တိုင်းတာရေးကွန်ယက် TexNet က စုံစမ်းစစ်ဆေးရေးမှူး Alexandros Savvaidis ကတော့-

"ငလျင်မလှုပ်ခင်မှာ မြေပြင်လှုပ်ရှားမှု ဒါမှမဟုတ် လျှပ်စစ်သံလိုက်ဓါတ် တိုင်းတဲ့ စနစ်မှာတွေ့ရတဲ့ အပြောင်းအလဲတွေကို စစ်ဆေးနိုင်ပါတယ်။ ဒါကြောင့် အဲဒီမှာ အပြောင်းအလဲတွေ တွေ့မယ်ဆိုရင်တော့ ငလျင်လှုပ်တော့မယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။"

တချို့ ငလျင်လေးတွေလှုပ်မယ်ဆိုတာကို သီတင်းတပတ်လောက် ကြိုပြီး ခန့်မှန်း နိုင်ပေမယ့် အများစုကိုတော့ လှုပ်ခါနီးမှပဲပြောနိုင်တယ်လို့ သူတို့အဖွဲ့က ပြောပါတယ်။

“သိပ်တိကျတဲ့ ခန့်မှန်းချက်ကိုတော့ လှုပ်ခါနီးမှပဲ ခန့်မှန်းနိုင်မှာပါ။ ဒါပေမယ့် ကနဦး သတိပေးချက် စံနစ် အတွက်တော့ ငလျင်မလှုပ်ခင်ကလေးမှာပဲ သတိပေးဖို့ လုံလောက်တဲ့ အချိန်ရှိပါတယ်။”

သူတို့အဖွဲ့ဟာ နောင်မှာလှုပ်မယ့်ငလျင်တွေကိုခန့်မှန်းနိုင်ဖို့အတွက် ပထဝီ အနေထားအမျိုးမျိုးမှာ လှုပ်ခဲ့တဲ့ ငလျင်ဆိုင်ရာအချက်လက်တွေကိုသုံးပြီး စမ်းသပ်မှုတွေ လုပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG