(Zawgyi / Unicode)
အာရှပင်လယ်ပြင်အတွင်း ကင်းလှည့်နေတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောပေါ်ကို စနေနေ့က သွားရောက်ခဲ့တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဒေသတွင်း လုံခြုံရေးကို ထိန်းသိမ်းမှုမှာ အမေရိကန်ကို ကူညီဖို့အတွက် ဂျပန်နိုင်ငံက စစ်အင်အား တိုးမြှင့်မယ့်အကြောင်း ကတိပြု ပြောကြားလိုက်ပါတယ်။
ဂျပန်ရဲ့ ကာကွယ်ရေးစွမ်းရည်ကို သိသိသာသာ တိုးမြှင့်သွားမှာဖြစ်ပြီး ဂျပန်-အမေရိကန် မဟာမိတ်တွေရဲ့ ကာကွယ်ထိန်းသိမ်းရေးပိုင်းမှာ ပိုပြီး ခိုင်မာအားကောင်းစေဖို့ အမေရိကန်နဲ့ နီးနီးကပ်ကပ် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi က တိုကျိုမြို့တော် တောင်ဘက်ပိုင်း ပင်လယ်ပြင်အတွင်း ခုတ်မောင်းနေတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln ရဲ့ လေယာဉ်ပြေးလမ်းပေါ်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ဟာ နိုင်ငံတကာ သံတမန်ရေး စံနှုန်းတွေကို စော်ကားမှုတခုအဖြစ် ရှုမြင်ပြီး ဒီအချက်ဟာ ထိုင်ဝမ်ကို ထိန်းချုပ်နိုင်ရေး၊ ဂျပန်ကျွန်းစုအနီးမှာ ခြိမ်းခြောက်နိုင်ရေး အိမ်နီးချင်း တရုတ်ဘက်က စစ်အင်အားသုံးလာဖို့ တွန်းအားဖြစ်စေနိုင်တယ်လို့ ဂျပန်နိုင်ငံတွင်း စိုးရိမ်မှုတွေ ထွက်ပေါ်လာချိန်မှာပဲ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ မှတ်ချက် ထွက်ပေါ်လာတာပါ။
အာရှမှာ ငြိမ်းချမ်းစေဖို့ ရည်ရွယ်တယ်လို့ တရုတ်က ပြောဆိုထားပေမဲ့လည်း ဂျပန်ဝန်းကျင် ပင်လယ်ပြင်အတွင်း ရုရှားနဲ့ တရုတ်ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အပါအဝင် ရုရှားနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို တရုတ်ဘက်က တိုးမြှင့်လာတဲ့ အရေးကိုလည်း ဂျပန်ဘက်က စိုးရိမ်နေတာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဂျပန်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Rahm Emanuel နဲ့အတူ အမေရိကန် လေယာဉ်တင်သင်္ဘောပေါ်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
--------------------------------
(Unicode)