ရုရှားရဲ့လေကြောင်း ကျူးကျော်မှုအပေါ် ဂျပန် ပြင်းထန်စွာ ကန့်ကွက်

ဂျပန်လေပိုင်နက်ထဲဝင်ရောက်လာတဲ့ ရုရှား Il-28 ကင်းလှည့်လေယာဉ်ကို တွေ့ရကြောင်း ဂျပန်လေတပ်ကထုတ်ပြန် (စက်တင်ဘာ ၂၃၊ ၂၀၂၄)

ရုရှား ကင်းလှည့်လေယာဉ်တွေ ဂျပန်လေကြောင်းပိုင်နက်အတွင်း ၃ ကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့တဲ့ကိစ္စနဲ့ပတ်သတ်လို့ ရုရှားကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး Minoru Kihara က ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ ပြောပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရုရှားတို့က လေကြောင်းပိုက်နက် ကျူးကျော်လာတာလည်း ဖြစ်ပါတယ်။

ရုရှားရဲ့ အဲဒီလို ကျူးကျော်ဝင်ရောက်လာမှုကြောင့် ဂျပန်စစ်တပ်က တိုက်လေယာဉ်တွေ အလျင်အမြန်စေလွှတ်ပြီး ရေဒီယိုနဲ့ အချက်ပြမီးတွေ ပစ်လွှတ်ပြီး သတိပေးခဲ့ရတယ်လို့ ဝန်ကြီး Kihara က ပြောပါတယ်။

ဂျပန်ပိုင် Hokkaido ကျွန်းစုအတွင်းက Rubun ကျွန်းအနီးက ရေပိုင်နက်ထဲကို ရုရှားတို့ရဲ့ Il-38 (အိုင်အယ်လ်-၃၈) အမျိုးအစား ကင်းလှည့် လေယာ‌ဉ်တွေ ၃ ကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့တာကို အတည်ပြုနိုင်ကြောင်း ဝန်ကြီး Kihara က ပြောပါတယ်။

အခုလို လေကြောင်းပိုက်နက် ကျူးကျော် ဝင်ရောက်မှုဟာ ကြီးမားတဲ့ ချိုးဖောက်မှုဖြစ်ပြီး ဒီကိစ္စကို သံတမန်လမ်းကြောင်းကတဆင့် ရုရှားအစိုးရထံ ပြင်းထန်စွာ ကန့်ကွက်တဲ့အကြောင်း တိုင်ကြားထားတယ်လို့ ဝန်ကြီး Kihara က ပြောပါတယ်။

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ်မှာ ဂျပန်က အနောက်အုပ်စုနိုင်ငံတွေနဲ့အတူ ရပ်တည်ပြီး ယူကရိန်းအတွက် ဘဏ္ဍာငွေကြေးနဲ့ တခြား ရုပ်ဝတ္ထုပစ္စည်းတွေ ကူညီပေးတာအပြင် ရုရှားနိုင်ငံသားနဲ့ အဖွဲ့အစည်းတချို့အပေါ်မှာလည်း ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

Your browser doesn’t support HTML5

ရုရှားရဲ့လေကြောင်း ကျူးကျော်မှုအပေါ် ဂျပန် ပြင်းထန်စွာ ကန့်ကွက်