သမ္မတတာဝန်ယူထားသူအပေါ် ကင်းလွတ်ခွင့်ပြုမှု အဆုံးသတ်သင့် (သမ္မတ ဘိုင်ဒန်)

ရာထူးသက်တမ်းကုန်ဆုံးတော့မယ့် သမ္မတ Joe Biden နှုတ်ဆက်မိန့်ခွန်းပြောကြားစဥ်။ (ဇန်နဝါရီ ၁၅၊ ၂၀၂၅)

ရာထူးသက်တမ်းကုန်ဆုံးတော့မယ့် သမ္မတ Joe Biden နှုတ်ဆက်မိန့်ခွန်းပြောကြားစဥ်။ (ဇန်နဝါရီ ၁၅၊ ၂၀၂၅)

အမေရိကန်ပြည်‌ထောင်စုမှာ သမ္မတတာဝန်ယူထားသူအပေါ် ကင်းလွတ်ခွင့်ပြုထားတာကို အဆုံးသတ် သင့်တယ်လို့ သမ္မတ Joe Biden ကပြောလိုက်ပါတယ်။ သမ္မတသက်တမ်းကုန်ဆုံးဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ သမ္မတ Biden က ဗုဒ္ဓဟူးနေ့က နိုင်ငံကို နောက်ဆုံးမိန့်ခွန်းပြောကြားစဉ်မှာ ခုလိုပြောခဲ့တာပါ။

“သမ္မတတာဝန်ယူထားချိန် ရာဇဝတ်မှုကျူးလွန်တဲ့ ဘယ်သမ္မတကိုမဆို ပြစ်ဒဏ်ကင်းလွတ်ခွင့် မပြုဘူးဆိုတာ ရှင်းရှင်းလင်လင်းဖြစ်အောင် ဖွဲ့စည်းပုံကို ပြင်ဆင်သင့်ပါတယ်။ သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာဟာ အကြွင်းမဲ့ ချုပ်ကိုင်ထားနိုင်တဲ့အာဏာမျိုး မဟုတ်ပါဘူး။ အဲဒီလိုလည်း မဖြစ်သင့်ပါဘူး” လို့ သမ္မတ Biden ကပြောကြားခဲ့တာပါ။

၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို ပြောင်းလဲနိုင်အောင် ကြိုးစားမှုတွေနဲ့ပတ်သက်လို့ အဲဒီအချိန်မှာ သမ္မတ တာဝန်ယူထားတဲ့ Trump ကိုရာဇဝတ်မှုနဲ့ အရေးယူခွင့် မရှိဘူးလို့ ပြည်ထောင်စု တရားရုံးချုပ်က ၂၀၂၄ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကိစ္စ စုံစမ်းစစ်ဆေးမှုမှာလည်း တကယ်လို့ Trump သာ အခုထပ်ပြီး သမ္မတအရွေး မခံခဲ့ရရင် ရာဇဝတ်မှုတွေနဲ့ အရေးယူနိုင်မှာဖြစ်တယ်လို့ အထူးစုံစမ်းရေးမှူးက အစီရင်ခံစာထဲမှာ ရေးသားခဲ့ပါတယ်။

SEE ALSO: သမ္မတ အိုဘားမား နောက်ဆုံး နှုတ်ဆက်မိန့်ခွန်း ပြော

၂၀၂၄ နိုဝင်ဘာရွေးကောက်ပွဲမှာ ဒုတိယအကြိမ် သမ္မတအရွေးခံခဲ့ရတဲ့ Donald Trump ကို အာဏာလွှဲပေးဖို့ပြင်ဆင်နေတဲ့ သမ္မတ Biden က အာဏာကို ချမ်းသာကြွယ်ဝသူတစုက ချုပ်ကိုင်မှာ စိုးရိမ်စရာဖြစ်တယ်လို့လည်း သူ့ရဲ့နှုတ်ဆက်မိန့်ခွန်းထဲမှာ ပြောသွားခဲ့ပါတယ်။ အချမ်းတကာ့ အချမ်းသာဆုံးလူတွေဆီမှာပဲ လုပ်ပိုင်ခွင့်အာဏာရှိနေရင် အာဏာအလွဲသုံးစားလုပ်မှုတွေကို ဘယ်လိုမှ ထောက်ပြတားဆီးနိုင်မှာမဟုတ်ဘူးလို့ သမ္မတ Biden ကပြောကြားခဲ့ပါတယ်။ လုပ်ပိုင်ခွင့်ရှိသူ လူတစု က ပုံဖော်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရေစီ၊ အခြေခံအခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို ခြိမ်းခြောက်နေတယ်လို့ သူ့ရဲ့နှုတ်ဆက်မိန့်ခွန်းမှာ သမ္မတ Joe Biden က ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

သမ္မတတာဝန်ယူထားသူအပေါ် ကင်းလွတ်ခွင့်ပြုမှု အဆုံးသတ်သင့် (သမ္မတ ဘိုင်ဒန်)