နိုင်ငံတကာစာနာမှုပြဿနာထက် မိမိနိုင်ငံကိုယ်ကျိုးစီးပွားကို ကန်ဦးစားပေး

း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton

မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာ အရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို အမေရိကန်က တိုက်ရိုက် ဖိအားပေး ပြောဆိုမှုတွေ ရှိနေသလို၊ အာဆီယံအဖွဲ့ကတဆင့် ဖိအားပေး လုပ်ဆောင်တာတွေလည်း ရှိကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton က ဗွီအိုအေက Greta Van Susteran နဲ့ သီးသန့် ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ပြောကြားလိုက်ပါတယ်။

“လူ့အခွင့်အရေး၊ စာနာမှုဆိုင်ရာ အကူအညီပေးရေး စတဲ့ ပဋိပက္ခများစွာကို ကိုင်တွယ် ဖြေရှင်းတဲ့နေရာမှာ အမေရိကန်ရဲ့ အကျိုးစီးပွားကိုသာ ဦးစားပေး လုပ်ဆောင်သွားမှာဖြစ်ကြောင်း” နိုင်ငံတကာရေးရာတွေနဲ့ပတ်သက်ပြီး သမ္မတ Donald Trump အစိုးရရဲ့ ရပ်တည်ချက်ကို အမျိုးသားလုံခြုံရေးအကြံပေး John Bolton ပြောသွားတာပါ။

နိုင်ငံတခုမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ပြေလည်ရေး အတွက် ဒေသတွင်းက အဖွဲ့အစည်းတွေ၊ အိမ်နီးချင်းနိုင်ငံတွေကို ဖိအားလုပ်ဆောင်ခြင်းက ပိုပြီး ထိရောက်မယ်လို့ ယူဆကြောင်းလည်းသူက ပြောပါတယ်။

အမေရိကန်အနေနဲ့ မြန်မာအစိုးရကို တိုက်ရိုက်ဖိအားပေးပြောဆိုတာတွေရှိသလို ပြီးခဲ့တဲ့ လပိုင်းက စင်္ကာပူမှာ ကျင်းပတဲ့ အာဆီယံထိပ်သီး စည်းဝေးပွဲအတွင်း ဒုသမ္မတ Mike Pence က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး အမေရိကန်အစိုးရရဲ့ မူဝါဒတွေနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ကြောင်းကိုလည်း မစ္စတာ Bolton ကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြသူတွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို မြန်မာအစိုးရက လက်မခံပေမယ့် ဒီလူတွေ နေရပ်ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ MOU နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးထားပြီး အပြန်အလှန် ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်နေသလို ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်။

Your browser doesn’t support HTML5

နိုင်ငံတကာစာနာမှုပြဿနာထက် မိမိနိုင်ငံကိုယ်ကျိုးစီးပွားကို ကန်ဦးစားပေး