ကချင်စစ်ပွဲရပ်တန့်ရေး မြစ်ကြီးနားမြို့က ဆန္ဒပြပွဲကို ဦးဆောင်ခဲ့ကြသူသုံးဦးကို အသရေဖျက်မှုနဲ့ မြန်မာစစ်တပ်က တရားစွဲဆိုထားတဲ့ကိစ္စဟာ ကိုယ့်ရဲ့ဆန္ဒကို မဖေါ်ထုတ်နိုင်အောင် မြန်မာစစ်တပ်က ခြိမ်းခြောက်လိုက်တဲ့သဘောပဲလို့ ကချင်အရေးလှုပ်ရှားသူ ဒေါ်ခွန်းဂျာက ပြောပါတယ်။ စစ်ပွဲရပ်တန့်ရေးတောင်းဆိုနေသူတွေဟာ မြန်မာစစ်တပ်တဘက် ထဲသာမကပဲ ကချင်တပ်ကိုပါ တောင်းဆိုနေတာလို့ဆိုပါတယ်။ ဝါရှင်တန်ဒီစီမှာကျင်းပတဲ့ ပြည်ပရောက်ကချင်တိုင်းရင်း သားများညီလာခံမှာပါဝင်သူ ကချင်ငြိမ်းချမ်းရေးကွန်ယက်က တာဝန်ခံ ဒေါ်ခွန်းဂျာကို ကိုကျော်အောင်လွင်က ဗွီအိုအေ စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားတာပါ။
ကိုကျော်အောင်လွင်။ ။ အခုတပ်မတော်ကနေပြီးတော့ သူ့ ဂုဏ်သိက္ခာ ညှိးနွမ်းအောင်လုပ်တယ်ဆိုပြီးတော့ ဆန္ဒပြသူ ၃ ဦးကို တရားစွဲတယ်။ ဒေါ်ခွန်းဂျာအနေနဲ့ လှုပ်ရှားသူတဦးအနေနဲ့ ဘယ်လိုတုံ့ပြန်ပါသလဲ။
ဒေါ်ခွန်းဂျာ။ ။ ဒီဟာက ကျမအနေနဲ့ ကျမတို့ လှုပ်ရှားတက်ကြွသူ Activist တွေကိုသော်လည်းကောင်း ဒီကိစ္စပါလိုက်ပါဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကိုသော်လည်းကောင်း နောက်နောင်အခါမှာ မိမိတို့ဆန္ဒကို မဖော်ဆောင်၊ မဖော်ထုတ်နိုင်အောင် ဒီလိုမျိုးခြိမ်းခြောက်ထားလိုက်တယ်လို့ ယူဆတယ်ရှင့်။ အဲဒီလိုတရားစွဲဆိုတာက လူ ၃ ယောက်ကိုဖြစ်တယ်။ တကယ်တမ်းခြိမ်းခြောက် ခံရတာက ဒီလိုကာလမျိုးမှာ ပါဝင်နေတဲ့လူအားလုံးကို ယူဆပါတယ်။
ကိုကျော်အောင်လွင်။ ။တိုက်ပွဲတွေကိုရပ်ဖို့တောင်းဆိုတယ်ဆိုတာက တပ်မတော်ဂုဏ်သိက္ခာကို ဘယ်လိုထိခိုက်စေတယ်လို့ ထင်ပါသလဲခင်ဗျ။
ဒေါ်ခွန်းဂျာ။ ။တပ်မတော်ဂုဏ်သိက္ခာလို့တော့ မပြောတတ်ပါဘူး သို့သော်လည်းဒီစစ်ပွဲရပ်တန့်ဖို့နဲ့ ပိတ်မိနေတဲ့အရပ်သားတွေ ဒုက္ခသည်တွေကိုလွှတ်ပေးဖို့အတွက်တောင်းဆိုကြတာဖြစ်ပါတယ်။ စစ်ပွဲရပ်လို့ပြောတဲ့အခါမှာ တိုက်ခိုက်ရေးမှာပါဝင်နေတဲ့ တပ်ဖက်တွေအားလုံးကို ခြုံပြီးမှ တောင်းဆိုနေတာကိုတွေ့ရပါတယ်။ မြစ်ကြီးနားမှာသာမကပဲနဲ့ ၊ ရန်ကုန်၊ မန္တလေး တခြားမြို့နယ်တွေမှာလည်း ဒီဆောင်ပုဒ် တောင်းဆိုကြပါတယ်။ ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို လွှတ်ပေးပါဆိုပြီးတော့ တောင်းဆိုကြပါတယ်။ ဒီလိုတောင်းဆိုတဲ့အခါမှာ ပိတ်ထားတာက တပ်မတော်ဖြစ်နေတယ်ဆိုပြီးမှ ဒီ case မှာပေါ်လွင်နေတယ်။ ဒါကြောင့်မို့လို့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာထိခိုက်တယ်လို့ ပြောတယ်လို့ ယူဆပါတယ်။
ကိုကျော်အောင်လွင်။ ။ကချင်စစ်ပွဲရပ်တန့်ဖို့တောင်းဆိုသူတွေအဖမ်းခံရတယ်ဆိုတာက ဥပဒေနဲ့မညီတဲ့ ဆန္ဒပြပွဲတွေမို့လို့ ဖမ်းဆီးတယ်လို့ကြားရပါတယ်။ ဥပဒေနဲ့ ဘယ်လိုမညီညွတ်တာတွေဖြစ်နေလို့လဲ။
ဒေါ်ခွန်းဂျာ။ ။ တရားဥပဒေအရဆိုရင် ဆန္ဒဖော်ထုတ်မှု ၊ ဒါမှမဟုတ် လူစုဝေးမှုလို့ပြောလို့ရှိရင် ၄၈ နာရီကြိုတင်ပြီးတော့ သက်ဆိုင်ရာ ဌာနမှာ အကြောင်းကြားလိုက်တယ်ဆိုရင် ဆက်ပြီးလုပ်ဆောင်လို့ရတယ်လို့ ပြောပါတယ်။ သို့သော်လည်း လက်တွေ့မှာက တခါတလေကျရင် ၄၈ နာရီကြိုအကြောင်းကြားရင်၊ ၁ လကြိုပြီးတော့ အကြောင်းကြားရင် ကျမတို့ လုပ်ဆောင်ခွင့်မရပဲ တားဆီးခံရတာတွေရှိပါတယ်။ တရားဥပဒေဘောင်အတွင်းကလို့ပြောရင် တကယ်ပဲ ဆန္ဒဖော်ထုတ်ဖို့အကြောင်းကြားတဲ့အခါမှာ ကာကွယ်ပေးဖို့ ၊ ပြည်သူ့ရဲတွေကိုစောင့်ရှောက်ပေးဖို့အတွက် သူတို့ကို ချထားပေးတယ်ဆိုရင် ကျမအနေနဲ့တော့ တရားဥပဒေဘောင်အတွင်းလို့ပြောလို့ရမယ်လို့ ယူဆပါတယ်။
သို့သော်လည်း ပြည်သူတွေဘက်က ခွင့်ပြုမိန့်ကိုတောင်းဆိုတယ်၊ ကြိုတင်အကြောင်းကြားတယ် ဒါကို ခွင့်မပြုဘူးဆိုရင် ပြည်သူက သူဖော်ထုတ်ချင်တဲ့ ဆန္ဒကိုဖော်ထုတ်သွားမှာဖြစ်တယ်။ဒါကို တရားဥပဒေဘောင်အတွင်းလို့ပြောလို့ရမယ် ပြင်ပကနေလည်း ပြောလို့ရမယ်။ သို့သော်လည်းအခု ရန်ကုန်မြို့မှာ မြင်နေရတဲ့ကိစ္စက စစ်ပွဲရပ်ပါ။ ဒါမှမဟုတ် တခုခုကောင်းမွန်ဖို့အတွက် ဆန္ဒဖော်ထုတ်တဲ့အခါမှာ အမြဲတန်းဟန့်တားမှုတွေ တွေ့ကြုံရတယ်။ တချို့သော ကိုယ်ကျင့်တရားနဲ့ မညီဘူးလို့ ယူဆပြီးမြင်နိုင်တဲ့ ဆန္ဒဖော်ထုတ်မှုမျိုးတွေကျတော့ လွတ်လပ်စွာဆောင်ရွက်နေတာကို တွေ့ရတဲ့အခါမှာ ဘယ်ဟာက တရားဥပဒေဘောင်အတွင်းလဲဆိုတာကို ကျမအနေနဲ့ နားမလည်နိုင်ပါဘူးရှင့်။
ကိုကျော်အောင်လွင်။ ။စစ်ပွဲရပ် ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီးတော့ မြန်မာစစ်တပ်ကိုပဲ ရပ်ဖို့ တဖက်သတ်တောင်းဆိုနေတယ်ဆိုပြီးတော့ ကျနော်တို့ကြားရပါတယ် တကယ်တမ်း တိုက်နေတာက မြန်မာစစ်တပ်တခုတည်းမဟုတ်ဘူး ကချင်ကလည်း တိုက်နေတယ်ဆိုတော့ တောင်းဆိုမှုတွေကိုယ်တိုင်က မျှတမှုမရှိဘူးလို့ ပြောဆိုတာတွေရှိပါတယ်ခင်ဗျ အဲဒါဟုတ်ပါသလား။
ဒေါ်ခွန်းဂျာ။ ။အထူးသဖြင့်ဒီနောက်ပိုင်းတောင်းဆိုတဲ့အခါမှာ တောင်းဆိုသူတွေအားလုံးက Generalize ဖြစ်ပါတယ်။ ဥပမာ-စစ်ပွဲရပ်ဆိုတာမျိုး တိုက်ခိုက်မှုတွေအားလုံးရပ် ပြည်သူလူထုကို မနှိပ်စက်နဲ့ဆိုတာမျိုး တောင်းဆိုတာဖြစ်ပါတယ်။ မြန်မာတပ်မတော်တခုကိုပဲတောင်းဆိုတာမဟုတ်ပါဘူး။ တိုက်ခိုက်နေတဲ့အခါမှာ အကြမ်းဖက်မှုမှာပါဝင်တဲ့ တိုက်ခိုက်မှုတွေအားလုံးကို တောင်းဆိုတယ်ဆိုလို့ကျမအနေနဲ့ မြင်ပါတယ်။ ကျမကိုယ်တိုင်လည်း ဒီပုံစံတောင်းဆိုခဲ့ပါတယ်။ တိုက်ခိုက်ရေးမှာပါဝင်နေတဲ့ တပ်ရင်းတပ်ဖွဲ့တွေအားလုံးဟာ မြန်မာ့တပ်မတော်ဖြစ်စေ ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ ၊ ပြည်သူ့စစ်ဖြစ်စေ သူတို့တွေအားလုံးဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေတခုဖြစ်တဲ့ International Humanitarian Law ကို လိုက်နာကျင့်သုံးပေးရမှာဖြစ်ပါတယ်။ International Humanitarian Law ကို ကျော်ဖြတ်သွားပြီဆိုရင် ဒါပြည်သူလူထုကို ထိခိုက်နစ်နာတာဖြစ်တဲ့အတွက်ကြောင့် မည်သည့်တပ်ဖွဲ့ကိုမဆို တောင်းဆိုရမှာပါ။
ကိုကျော်အောင်လွင်။ ။ ကချင်ငြိမ်းချမ်းရေးကွန်ယက်က ဒေါ်ခွန်းဂျာကို ကျေးဇူးတင်ပါတယ်။
Your browser doesn’t support HTML5