ကရင်ပြည်နယ်တွင်း တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ်၊ မြဝတီခရိုင် ဖလူးကျေးရွာစာသင်ကျောင်းပေါ် လက်နက်ကြီးကျပြီး ပျက်စီးသွားတဲ့မြင်ကွင်း။​(အောက်တိုဘာ ၁၊ ၂၀၂၄/ဓာတ်ပုံ-CJ)

ကရင်ပြည်နယ် မြဝတီခရိုင်နဲ့ ဖာပွန်ခရိုင်တွေမှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက် နေတယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ မထုတ်ပြန်သေးပါဘူး။ ကရင်ပြည်နယ်တွင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA /PDF တပ်တွေ တိုက်ပွဲတွေပြင်းထန်နေတဲ့ အကြောင်း ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ဖာပွန်မြို့မှာ အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က မြန်မာ စစ်တပ်က ဂျက်တိုက်လေယာဥ်နှစ်စီးနဲ့ ဗုံးသီး ၁၀ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ဖာပွန်ခရိုင် ( ဒေသအခေါ်မူတြော်ခရိုင်) က ပြောပါတယ်။ အခုလို လေကြောင်း တိုက်ခိုက်မှုအတွင်း ဖာပွန်မြို့နယ်အတွင်းက ရပ်ကွက် ၁ နဲ့ ၂ တို့မှာ ကျရောက် ပေါက်ကွဲခဲ့တာမှာ တောင်ယာဟောင်းတွေနား ဟင်းသီးဟင်းရွက် ရှာဖွေနေတဲ့ အသက် ၅၀ အရွယ် ကလေး ၆ ယောက်ရဲ့မိခင် နော်ဟဲခူကို လေယာဥ်ဗုံးစထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ဒီရက်ပိုင်းမှာပဲ မြ၀တီခရိုင်အတွင်းက ဖလူးကြီးကျေးရွာက စာသင်ကျောင်းနဲ့ဆေးပေးခန်းလည်း လက်နက်ကြီးထိမှန် ပျက်စီးသွားခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းမှာ လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်ခံနေရပြီး တိုက်ပွဲမရှိလည်း အရပ်သားတွေနေထိုင်ရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူစောနန္ဒဆူးက VOA ကို ပြောပါတယ်။

“အဓိကတော့ တပ်မဟာ ၂ ရယ်၊ ၃ ရယ်၊ ၅ ရယ်မှာကော တပ်မဟာ ၁ မှာလည်းဖြစ်နေတယ်။ တပ်မဟာတခုမှာ မဖြစ်ရင် တခြားတပ်မဟာ လည်း ဖြစ်နေတယ်။ အဲဒါကြောင့် ဒီနေ့ ဒီအချိန်ထိ လေကြောင်းတိုက်ခိုက်မှုတွေကဖြစ်နေတုန်းပဲ။ တချို့နေရာတွေမှာတော့ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေက ရှိနေပါတယ်။”

အခုဆိုရင် ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ခရိုင်အသီးသီးမှာ စစ်ဘေးရှောင်သူဦးရေက တသန်း နှစ်သိန်းလောက်ထိ ရှိလာပြီး ဒီနှစ်အတွင်း နှစ်ဆလောက်တိုးလာတာဟာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လို့လည်း ပြောပါတယ်။

“ပြည်သူလူထုအတွက် အန္တရာယ်အကြီးမားဆုံးကတော့ လေကြောင်းတိုက်ခိုက်မှုက တခုအပါအဝင်ပါပဲ။ ဘာကြောင့်လဲဆိုတော့ တကယ့် တကယ် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေက ထွက်ပြေးလွတ်မြောက်တာမရှိဘူးဆိုရင် အများအပြား ထိခိုက်သေဆုံးတာ၊ ပျက်စီးဆုံးရှုံး တာတွေက လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ်စေတယ်။ ထက်ဝက်လောက်တိုးပွားလာတဲ့ ဒုက္ခသည်ပမာဏဟာ လေကြောင်းတိုက်ခိုက်မူတွေကြောင့်လို့ ပြောလို့ရပါတယ်။”

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင်ထဲမှာတော့ စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၂၉ ရက်နေ့ကစပြီး ၃ ရက်ဆက်တိုက် လေကြောင်းကနေ တိုက်ခိုက်လုပ်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း လေးကေကော်၊ မယ်ဝါးခီး၊ မယ်ထော်သလေး၊ မင်းလက်ပံ၊ လက်ခတ်တောင်၊ ရသေ့ဂူကျေးရွာတွေဘက်ကိုပါ Y12 ‌ဗုံးကြဲလေယာဉ်၊ MiG 29 တိုက်လေယာဉ်တွေနဲ့ ပေါင် ၅၀၀ ဗုံးကြီးတွေ၊ ရော့ကက်ဒုံး တွေနဲ့ ပျံသန်းတာ ပစ်ခတ်တာတွေလည်း ၁၀ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။ ဒီပစ်ခတ်မှုတွေအတွင်း စာသင်ကျောင်းနဲ့ဆေးပေးခန်းတွေပျက်စီးတာအပြင် ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။