နမ့်ဖတ်ကာ KIA တပ်စခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

KIA soldiers at outpost (ယခင်ပုံဟောင်း)

KIA soldiers at outpost (ယခင်ပုံဟောင်း)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အကြား တိုက်ပွဲပြင်းထန်နေပြီး KIA ရဲ့ တပ်စခန်းကို စစ်ကောင်စီက လေကြောင်းက နှစ်ရက်ဆက် ပစ်ခတ် တိုက်ခိုက်နေပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲသတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေဟာ ဒီလ ၉ရက်နေ့တည်းက စတင်ဖြစ်ပွား လာတာပါ။ ဒီရက်ပိုင်းမှာတော့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီးရှိ ခိုမုန်းရွာနဲ့ ၁၀ မိုင်လောက်အကွာမှာရှိတဲ့ KIA တပ်ရင်း ၉ စခန်းမှာ တိုက်ပွဲပြင်းထန်နေပါတယ်။

ဒီနေ့ထိ စစ်ကောင်စီက လေကြောင်းကနေ နှစ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေကြောင်း နဲ့ လက်နက်ကြီးနဲ့လည်း ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ စောစောကနေ နမ့်ဖတ်ကာအခြေစိုက်တပ်မကနေ လက်နက်ကြီးနဲ့ ပစ်ကူတယ်။ တိုက်လေယာဉ်လည်း ၃ခါလောက်ရှိသွားပြီ။ ၂ရက်ပေါ့။ မနေ့ကရော၊ ဒီနေ့ရော တိုက်လေယာဉ်နဲ့ လာကြဲတာ။ အခုဖြစ်နေတဲ့နေရာက ပြည်ထောင်စုလမ်းမကြီးကနေ ခြေလျင်လျှောက်ရင်တောင် ၂နာရီခွဲ ၃နာရီလောက် လျှောက်ရမယ့် နေရာ။ ခိုမုန်းကနေ ခြေလျင်လျှောက်ရင် အဲလောက်ကြတယ်။ ခိုမုန်းကနေဆိုရင် လက်နက်ငယ်သံတွေက အစ ကြားနေရတာ။”

၁၄ရက်နေ့က နေ့ခင်း ၁နာရီလောက်မှာ လေကြောင်းက တိုက်ခိုက်တာရှိခဲ့ပြီး ဒီကနေ့မှာလည်း နေ့ခင်း ၁နာရီလောက်မှာ ထပ်မံ တိုက်ခိုက်တာဖြစ်ပါတယ်။ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ တပ်ရင်း ၉စခန်းတိုက်ပွဲဟာ ၃ရက်ဆက် ဖြစ်ပွားနေတာဖြစ်ကြောင်းနဲ့ တိုက်ပွဲပြင်းထန်နေတဲ့အခြေအနေကို အခုလို ပြောပါတယ်။

“ ဒီနေ့လည်း မနက်ကတည်းကနေ အခု ညနေအထိပေါ့နော်။ မြေပြင်ကနေလည်း တက်လာတာရှိတယ်။ နောက်ပြီးတော့ လေကြောင်းကလည်း စစ်ကူတာတွေ ရှိတယ်။ လေကြောင်းကနဲ့တော့ ၄- ၅ ခေါက်လောက် ပတ်ပြီးမှ ဗုံးကြဲတိုက်ခိုက်တာ ကျနော်တို့ ခံနေရပါတယ်။ ၃ရက်နေ့မြောက် မြေပြင်ကနေ ထိုးစစ်ဆင်တာဟာ အခု တော်တော်လေး သူတို့ဘက်မှာလည်း အထိနာတဲ့ပုံရှိပါတယ်။ အဲဒါတွေကြောင့် စစ်ကူတွေကိုတော့ လေကြောင်းစစ်ကူတွေ ၊ မြေပြင်စစ်ကူတွေ ပို့တဲ့ သဘောမျိုးရှိပါတယ်။”

နှစ်ဘက် ထိခိုက်ကျဆုံးတဲ့ စာရင်းတော့ သတင်းရရှိတာမရှိသေးကြောင်း ပြောပါတယ်။ ၉ရက်နေ့နဲ့ ၁၃ရက်နေ့မှာတော့ လက်နက်ကြီး ကျည်ထိမှန်တာကြောင့် နမ့်ဖလွန်းက အဖိုးအိုတစ်ဦးနဲ့ နမ့်ဖတ်ကာက အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ၉ရက်နဲ့ ၁၀ရက်နေ့တွေက မန်ပြိန်း၊ နမ့်ဖလွန်း၊ ရှုခင်းသာဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ KIA အကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒီရက်ပိုင်းမှာတော့ KIA တပ်ရင်း၉ စခန်းမှာ တိုက်ပွဲတွေ ပြင်းထန်လာတာဖြစ်ပါတယ်။ ဒီတိုက်ပွဲနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီက ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။

Your browser doesn’t support HTML5

နမ့်ဖတ်ကာ KIA တပ်စခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

{Unicode}








