(Zawgyi / Unicode)
ကရင်ပြည်နယ်အတွင်းက ကရင်အမျိုးအသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ်ထားတဲ့ ဖာပွန်ခရိုင် (မူတြော်ခရိုင်) အတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး ပြီးခဲ့တဲ့ရက်အတွင်းမှာ တနေ့တည်း တိုက်ပွဲ ၆ ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးနဲ့ ဒဏ်ရာရသူများကြောင်း တပ်မဟာ ၅ ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေရာတွေမှာတော့ လူထုတွေဟာ နေ့စဉ် မလုံခြုံမှုတွေနဲ့ နေထိုင်နေရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် တင်ပြပေးထားပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်နေတဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲတွေ ဒီရက်ထဲမှာ ပိုမိုပြင်းထန်လာပါတယ်။ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၅ တို့ဟာ စက်တင်ဘာလ ၃၀ ရက်နေ့ တနေ့တည်းမှာပဲ တိုက်ပွဲ ၆ ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လူ ၂၀ ကျော်လောက် ကျဆုံးတယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်တဲ့ မူတြော်သတင်းမှာ ပါရှိပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ကရင်သတင်းစဉ်ရဲ့ အမှုဆောင်အယ်ဒီတာချုပ် နန့်ဖောဂေက အခုလိုပြောပြပါတယ်။
“တပ်မဟာ ၅ လက်အောက်မှာရှိတဲ့ KNLA တပ်ရင်း ၁၀၂ နဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှု စကခ ၈ လက်အောက်ခံ ခမရ ၄၀၈ ကြားမှာဖြစ်တဲ့ တိုက်ပွဲလို့ သတင်းမှာ ဖော်ပြတယ်။ နှစ်ဖက်ထိခိုက်မှု ဖော်ပြချက်အရ စစ်ကောင်စီက ၂၃ ဦး ကျဆုံးတယ်၊ ၃၀ ဦး ဒဏ်ရာရတယ်လို့ ပြောတယ်။ မူတြော်သတင်းစဉ် (တပ်မဟာ ၅) က ဖော်ပြတာကတော့ ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူး ၂ ဦး ပါတယ်လို့တောင် ဖော်ပြထားတယ်။”
ကရင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ဒီရက်ပိုင်းမှာ ထူးထူးခြားခြား ပြောဆိုထုတ်ပြန်တာ မရှိပါဘူး။ ဒါပေမယ့်လည်း ကရင်ပြည်နယ် ကော့ကရိတ်၊ ဘားအံ၊ မြဝတီ စတဲ့နေရာတွေမှာတော့ လုံခြုံရေးတွေ ပိုပြီး တင်းကျပ်သလို စစ်ဆေးဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။
ကရင်ပြည်နယ် ကေ့ာကရိတ်မြို့နယ်ထဲမှာတော့ အောက်တိုဘာလ ၁ ရက်နေ့က အရှေ့တောင်တိုင်း တိုင်းမှူးခရီးစဉ် လုံခြုံရေးယူတဲ့ စစ်ယာဉ်တန်းကို DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦး အပါအဝင် ၄ ဦးထက်မနည်း ကျဆုံးခဲ့ပါတယ်။
ကရင်ပြည်နယ်တခုလုံးက တပ်မဟာအသီးသီးမှာ တိုက်ပွဲတွေက နေရာအနှံ့မှာ ဖြစ်နေသလို လူထုတွေကလည်း မလုံခြုံမှုတွေ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ကတုတ်ကျင်းတွေ ကင်းပုန်းတွေထဲ နေရတာမျိုး၊ ဘေးလွတ်ရာကို တိမ်းရှောင်ရတာမျိုးတွေကတော့ လနဲ့ချီပြီး ဆက်တိုက်ဖြစ်နေပြီလို့လည်း နန့်ဖောဂေက ပြောပြပါတယ်။
“တိုက်ပွဲတွေဖြစ်ရင် အသံကြားရတာနဲ့တင် ရှောင်နေရတယ်။ အနည်းဆုံး တိုက်ပွဲမဖြစ်ရင်တောင် စစ်ကြောင်းတွေ သွားနေရင်ကို ကင်းပုန်းထဲမှာ ပုန်းနေရတယ်။ အချိန်မရွေး ဖြစ်နိုင်တဲ့အတွက် ဒေသခံတွေက ကြိုတင်ပြီး ပုန်းနေရတဲ့ အနေအထားတွေ နေရာတိုင်းမှာ ဖြစ်နေတယ်။ အလားတူပဲ တပ်မဟာ ၄ ဘက်မှာလည်း ရပ်ရွာထဲဝင်ပြီး စစ်ကောင်စီက ရွာထဲဝင်ပြီး မွှေနှောက်ရှာဖွေတာ၊ PDF တွေသတင်း ကြားတာနဲ့ ဝင်လာတာတွေ၊ ရွာတွေဖျက်ဆီးသွားတာတွေ ရှိတယ်။ အဲဒီလို အနေအထားတွေ။ ပြီးခဲ့တဲ့ရက်ကတော့ တပ်မဟာ ၆ ဘက်မှာလည်း တိုက်ပွဲတွေရှိတော့ လူထုတွေကတော့ ကင်းပုန်းတွေထဲမှာပဲ ပုန်းနေရတယ်။”
SEE ALSO: NCA ပျက်ပြယ်ပြီလို့ KNU Concerned Group ကြေညာKNU နဲ့ မြန်မာအစိုးရတို့ဟာ ၂၀၁၂ ခုနှစ်ထဲမှာ အပစ်အခတ် ရပ်စဲခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပါတယ်။ NCA အတိုင်း လိုက်နာ လုပ်ဆောင်မယ်ဆိုရင် ပဋိပက္ခ ဖြစ်စရာအကြောင်း မရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့လပိုင်းတွေတုန်းက ပြောဆိုခဲ့သလို EAO တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း မကြာခန သတိပေးမှုတွေ လုပ်ခဲ့ပါတယ်။
ဒီရက်ပိုင်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆက်လုပ်သွားမှာဖြစ်ပြီး တဖက်သတ် အပစ်အခတ် ရပ်စဲရေးကိုလည်း ကြေညာထားပါတယ်။ ဒါပေမယ့် တိုင်းနဲ့ပြည်နယ် တဝန်းလုံးမှာတော့ စစ်ကောင်စီတပ်တွေဟာ ကရင်၊ ကချင်၊ ကယား တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေသလို တခြား တိုင်းနဲ့ပြည်နယ်တွေက ဒေသခံ ပြောက်ကျားတွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပေါ်နေပါတယ်။
Your browser doesn’t support HTML5
-------------------------
(Unicode)